ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီး မည်သည့်အတိုင်းအတာထိ ကာကွယ်မှုပေးနိုင်မည်ကို အတိအကျ ပြောဆိုနိုင်ခြင်း မရှိသေး

ရန်ကုန် ၊ ဇန်နဝါရီ ၂၂

ကိုဗစ်ကာကွယ်ဆေးအား ထိုးနှံပြီးနောက် ဘယ်လောက်အတိုင်းအတာထိ ကာကွယ်မှုပေးနိုင်မည် ဆိုသည့်အပေါ် အတိအကျ ပြောဆိုနိုင်ခြင်းမရှိသေးကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန တာဝန်ရှိသူက ပြောသည်။

“တစ်ကြိမ်ထိုးတာနဲ့ နှစ်ကြိမ်ထိုးတာနဲ့ နှစ်ကြိမ် ထိုးပြီးရင် တစ်နှစ်ကာကွယ်ဆေးရမှာလားပေါ့။ တစ်နှစ်ခံမှာလား၊ ၆ လခံမှာလားပေါ့၊ ဒါတွေကသုနေသတပြုနေတုန်း ရှိသေးတယ်။ ထိုးပြီးတဲ့အုပ်စုတွေကို ဆက်ပြီး စောင့်ကြည့်ရမှာဖြစ်တယ်၊ ရောဂါကလည်း တစ်နှစ်သားပဲရှိသေးတယ်၊ ကာကွယ်ဆေး စထိုးနှံနိုင်တာကလည်း လပိုင်းပဲရှိသေးတာဆိုတော့ အဲ့အုပ်စုမှာ ဘယ်လောက်ပြန်ဖြစ်မလဲ၊ လာမယ့်နှစ်အထိခံမှာလားဆိုတာတော့ လာမယ့်နှစ်ရောက်မှ သိရမယ်။ အချိန်ကာလကို အနာဂတ်ကျော်ပြီးသွားကြည့်လို့မရတာ။” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒေါက်တာသန်းနိုင်စိုးက ပြောသည်။

ကာကွယ်ဆေး စတင်ထိုးနှံအသုံးပြုနိုင်သည့် အချိန်မှာ လပိုင်းသာရှိနေသလို၊ covid 19 ရောဂါ သက်တမ်းကလည်း တစ်နှစ်သာရှိနေသေးသဖြင့် ကာကွယ်ဆေးထိုးနှံပြီးနောက်စောင့်ကြည့်နေရမည် ဖြစ်သည်။

ကိုဗစ်ကာကွယ်ဆေး မြန်မာနိုင်ငံသို့ရောက်ရှိပါက ရောဂါကူးစက်နိုင်ခြေ အများဆုံးဖြစ်ပြီး ရာဂါကုသရေးမှာမရှိမဖြစ်သည့် ကျန်းမာရေးဝန်ထမ်းများကို ထိုးနှံပေးဖို့ စီစဉ်ထားကြောင်း၊ ရောဂါဖြစ်ပွားပါက အသက်ဆုံးရှုံးနိုင်မှု အင်မတန်များသည့်အုပ်စု အသက်အရွယ်ကြီးရင့်သူများ၊ ရောဂါအခံရှိသူများကိုလည်း ထိုးနှံပေးဖို့ ရည်ရွယ်ထားသော်လည်း မူဝါဒအတိကျတော့ မထွက်သေးကြောင်း သိရသည်။

ကိုဗစ်ကာကွယ်ဆေးထိုးနှံသည့်အခါ ကိုဗစ်အတွက် နိုင်ငံတော်ဘဏ္ဍာငွေနှင့်ဝယ်မည့် အစီအစဉ်တွင် အခမဲ့ထိုးနှံပေးမှာဖြစ်ပြီး ကျန်သည့်အစီအစဉ်များကို အတိကျမသိရသေးပေ။

မောင်ချို