စက်ရုံ အလုပ်ရုံလုပ်ငန်းခွင်များမှ အမျိုးသမီး အလုပ်သမားအချို့ ပုံစံမျိုးစုံဖြင့် အကြမ်းဖက်မှုခံနေရ

ရန်ကုန် ၊ ဒီဇင်ဘာ ၁၃

လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေကြသည့် မြန်မာ အမျိုးသမီး အလုပ်သမားအချို့မှာ လုပ်ငန်းခွင်၌ ပုံစံမျိုးစုံဖြင့် အကြမ်းဖက်မှုများ ခံစားနေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ် သမားသမဂ္ဂများအဖွဲ့ချုပ် အထွေထွေ အတွင်း ရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးက ပြောသည်။

“စက်ရုံ၊ အလုပ်ရုံတွေမှာ အထက်အကြီးအကဲပိုင်း တွေ စူပါဗိုက်ဆာတွေက ပြောဆိုရာမှာ လိင်ပိုင်းဆိုင်ရာ ပါတဲ့ စကားလုံးရပ် ပြောဆိုတာတွေရှိတယ်။ နောက်ပြီး ကိုယ်ထိလက်ရောက် ထိပါးမှုတွေလည်းရှိတယ်။ နေ့စဉ် လုပ်ငန်းခွင်ထဲမှာ ကြုံနေရတယ်။ လုပ်ငန်းခွင်ပြင်ပမှာ လည်း မိန်းမသားတို့ မနှစ်မြို၊ မနှစ်သက်၊ လက်ခံဘဲ အစခံရတဲ့ အပြုအမူမျိုးတွေကလည်း အနိမ့်ဆုံးအဆင့်မှာ ရှိသေးတယ်။ အကြမ်းဖက်မှု မုဒိမ်းမှုတို့မှ သိရတဲ့ အခြေအနေ မျိုးပဲရှိတယ်။ သို့ပေမယ့် သာမန် နေ့စဉ်ဓူဝ ရှက်ကြောက်ပြီး တိမ်မြုပ်နေတဲ့ ဖြစ်စဉ်တွေကတော့ အများကြီး ရှိနေပါတယ်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ် သမားသမဂ္ဂများအဖွဲ့ချုပ် အထွေထွေ အတွင်း ရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးက ပြောသည်။

လုပ်ငန်းခွင် ပြင်ပနှင့် လုပ်ငန်းခွင်များ အတွင်းတွင် အမျိုးသမီးလုပ်သားများအပေါ် ထိကပါး ရိကပါး ပြောဆိုဆက်ဆံခြင်း၊ လိင်ပိုင်း ဆိုင်ရာ နှောက်ယှက်မှု အခြေအနေများ ကြုံကြိုက်နေရ သော်လည်း အခြေအနေအရပ်ရပ်တို့ ကြောင့် တိုင်ကြားနိုင်ခြင်းမရှိသဖြင့် ပုံစံမျိုးစုံဖြင့် အကြမ်းဖက်မှုများ ခံနေရခြင်းဖြစ်သည်။

သို့အတွက်ကြောင့် အမျိုးသမီးများ အကြမ်းဖက်မှုရပ် ခေါင်းစဉ်ဖြင့် လှုပ်ရှားမှုများကိုလုပ်ဆောင်နေရကြောင်းသိရသည်။

အမျိုးသမီးလုပ်သားများသည် အဓမ္မ စော်ကားမှုမှ လွဲပြီး အခြားသော အကြမ်းဖက်မှုမြောက်သည့် အပြုအမူလုပ်ရပ်များ ခံစားရပါက တိုင်ကြားနိုင်ရန် အရှက်သိက္ခာကြောင့် နိုင်ကြားမှုမရှိသည့်ဖြစ်စဉ်များလည်းရှိနေဟုသိရသည်။

“အလုပ်ခွင်အတွင်းမှာက အထက်လူကြီး နိုင်ငံခြားသားတွေ၊ လုပ်ဖော်ကိုင်ဖက် အမျိုးသားတွေက နုတ်နဲ့ဖြစ်စေ၊ ကိုယ်ထိလက်ရောက်ဖြစ်စေ လုပ်ဆောင် တာတွေ၊ အလုပ်ခွင် အသွား အပြန် ပြင်ပမှာလည်း စနောက်ခံရတာတွေ၊ ကိုယ်ထိလက်ရောက် လုပ်ဆောင် တာတွေ အပြင် လက်ရှိကိုဗစ်ရောဂါဖြစ်ပွားမှုကာလမှာ လုယက်ရိုက်နှက်တာတွေကိုပါ လက်တွေ့ကြုံတွေ့နေရ တယ်”ဟု စက်ရုံအလုပ်သမားတစ်ဦးဖြစ်သူ မသဉ္ဇာမျိုးကပြောသည်။

မြန်မာနိုင်ငံ၏ လုပ်သား အင်အား ၂၂ သန်းကျော် ရှိထဲတွင် အလုပ်သမား ထက်ဝက်နီးပါးသည် အမျိုးသမီးလုပ်သားများ ဖြစ်ဟုသိရသည်။ စက်ရုံလုပ်ငန်းအများစုမှာလည်း အထည်ချုပ်လုပ်ငန်းများဖြစ်ပြီး စက်ရုံအများဆုံးက ရန်ကုန်တိုင်းဒေသကြီးတွင် တည်ရှိနေကြောင်းသိရသည်။

ဆက်နိုင်