ဘက္ထရီရှော့ခ်တိုက် ငါးဖမ်းဆီးမှုများကြောင့် ကျေးရွာအချို့တွင် သောက်သုံးရေ ညစ်ညမ်းမှုများဖြစ်ပေါ်

မော်လမြိုင်ကျွန်း၊ ဒီဇင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ် ကျေးရွာအချို့တွင် ဘက္ထရီရှော့ခ်တိုက် ငါးဖမ်းဆီးမှုများကြောင့် ကျေးရွာအချို့တွင် သောက်သုံးရေများ ညစ်ညမ်းနေရကြောင်း ဒေသခံများထံမှ သိရှိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်ရှိ သစ်တိုဆိပ်၊ ဘုရားကြီး၊ ကြူချောင်း၊ သရက်ချောင်း၊ ထနီး၊ အုန်းပင်စုစသည့် ကျေးရွာများမှ ရေကန်၊ ရေမြောင်း၊ ချောင်းအိုင်များမှ ရေများကို အသုံးပြုသောက်သုံးနေရကြောင်းနှင့် ဘက္ထရီရှော့ခ်တိုက် ငါးဖမ်းဆီးမှုကြောင့် ရေများမှာ ညစ်ညမ်းနေရကြောင်း ဒေသခံများထံမှ သိရသည်။

“တရားဝင်ကဲ့သို့ ပေါ်ပေါ်တင်တင် လုပ်နေကြတယ်။ ဘယ်သူတွေက လုပ်ခိုင်းတာပါလဲ။ ဘယ်သူတွေက မသိချင်ဟန်ဆောင်နေတာပါလဲ။ ကျွန်မ ပြည်သူတစ်ယောက်အနေနဲ့ ဒီလို ငါးဖမ်းနည်းဟာ တရားမဝင်ဘူး ဆိုတာ သိသလို အခုဆို ရေစီးရေလာ မကောင်းတော့ဘူး။ ရေနည်းကာလကိုလည်း ရောက်လာပါပြီ ရေတွေ ပုပ်ပြီး အနံ့အသက်လည်း မကောင်းတော့ ဒီရေကို သောက်သုံးနေရတဲ့ ရွာသူ ရွာသားတွေမှာ တော်တော်လေး ကို အခက်အခဲနဲ့ တွေ့နေရပါတယ်။” ဟု မော်လမြိုင်ကျွန်းမြို့နယ် ဘုရားကြီးကျေးရွာမှ ဒေသခံ ဒေါ်စုစုခိုင်က ပြောသည်။

အဆိုပါ ကျေးရွာများမှ သောက်သုံးရေအဖြစ် အသုံးပြုနေသည့် မြစ်ချောင်း အင်းအိုင် နေရာများတွင် လူ ၃၀ ဦးခန့်က ဘက္ထရီရှော့ခ်တိုက် ငါးဖမ်းနေခြင်းကြောင့် ရေများညစ်ညမ်းနေရပြီး ရေနည်းကာလရောက်လာပြီ ဖြစ်သည့်အတွက် ရေကို သောက်သုံးနေသည့် ဒေသခံများမှ ဝမ်းပျက် ဝမ်းလျော ရောဂါများ ဖြစ်ပွားလာနိုင်ကြောင်း ဒေသခံတို့က ဆိုသည်။

”ဘက္ထရီရှော့ခ်တိုက်ငါးဖမ်းတာတို့ ဆေးချဖမ်းတာတို့ တရားမဝင် ငါးဖမ်းကရိယာတွေနဲ့ ဖမ်းဆီးတာတို့ကို ခွင့်မပြုဘူးလို့ ငါးလုပ်ငန်းဦးစီးဌာနကလည်း ထုတ်ပြန်ထားပြီးသားဖြစ်ပါတယ်။ အခုတော့ ဖြစ်စဉ်တွေကို မြေပြင်နဲ့ ချိတ်ဆက်ကာ သေသေချာချာစစ်ဆေးကြည့်မယ် ဘယ်သူတွေလည်းဆိုတာပေါ့ လက်ရှိတော့ တိတိကျကျပြောဖို့ခက်ပါတယ်။ ဖြစ်စဉ်ဟာ မှန်တယ်ဆို အရေးယူမှာပါ။”ဟု ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစောအောင်ရဲထွဋ်က ပြောသည်။

တရားမဝင်ငါးဖမ်းဆီးမှု မရှိစေရန်အတွက် ငါးလုပ်ငန်းဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးသည့် အခါမှာလည်း အသိပညာပေး ဟောပြောထားပြီးဖြစ်ပြီး ကျေးရွာများတွင် ယခုဖြစ်စဉ်များရှိပါကလည်း ဒေသခံများမှ ကျေးရွာအုပ်ချုပ်ရေးမှူထံ တင်ပြနိုင်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့သို့ တင်ပြလာပါကလည်း ငါးလုပ်ငန်း ဥပဒေနှင့် ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ကျော်ဌေး