အိုးထရက်ဖို့မှာ ဂိုးဒါဇင်ဝက်သွင်းပြီး ဂိုးသွင်းလေ့ကျင်ခဲ့ကြတဲ့ ဆိုးလ်ရှား ချာတိတ်တွေ

ပရီးမီးယားလိဒ်မှာ အဝေးကွင်းစွမ်းဆောင်ရည်ကောင်းပြီးတော့ အိမ်ကွင်းစွမ်းဆောင်ရည် ညံ့နေတဲ့ဆိုတဲ့အချက်ကို ဆိုးလ်ရှားရဲ့ ချာတိတ်တွေက လိဒ်နဲ့ကစားတဲ့ပွဲမှာ ချေဖျက်ပြလိုက်ပါတယ်။

အိုးထရက်ဖို့မှာ လိဒ်ကို ၆ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ လက်ရှိရာသီအတွင်း မန်ချက်စတာယူနိုက်တက်အတွက် သွင်းဂိုးအများဆုံး ပွဲတစ်ခုလည်းဖြစ်ခဲ့ရပါတယ်။ အိမ်ကွင်း အိုးထရက်ဖို့မှာ ဂိုးသွင်း လေ့ကျင့်ခဲ့ကြတယ်ဆိုပြီး ချီးကျူးမှုတွေ ပလူပျံခဲ့ပါတယ်။

တန်းတက်လာတဲ့အသင်းတွေထဲမှာ နည်းပြဘက်ဆီယဲကြောင့် အသင်းကြီးအားလုံးရဲ့ အထင်ကြီးလေးစားခံရတဲ့ လိဒ်အသင်းကို မန်ချက်စတာယူနိုက်တက် အသင်းသားတွေက ပထမပိုင်းမှာတင် ပြတ်ပြတ်သားသား ချေမှုန်းခဲ့ကြတာပါ။

ပွဲအစ ၂ မိနစ်နဲ့ ၃ မိနစ်ဆက်တိုက်ဆိုသလိုပဲ မက်တော်မီနေးက ဂိုးတွေသွင်းယူခဲ့တာပါ။ အဲဒီသွင်းဂိုးတွေက မရပ်တန့်ခဲ့ပါဘူး။ မိနစ် ၂၀ မှာ ဘရူနို၊ ၃၇ မှာ လင်ဒီလော့ဖ်တို့က ထပ်မံသွင်းယူခဲ့ကြပါသေးတယ်။ ပထမပိုင်းပြီးခါနီး ၄၂ မိနစ်မှာတော့ လိဒ်အသင်းရဲ့ ဗဟိုခံစစ်မှူးဖြစ်တဲ့ ကောပါးက ခြေပဂိုးတစ်ဂိုး သွင်းယူခဲ့ပါတယ်။

ပြီးခဲ့တဲ့ အိမ်ကွင်း ၆ ပွဲမှာ ၃ ဂိုးသာ သွင်းယူနိုင်ခဲ့တဲ့ အခြေအနေကို လိဒ်နဲ့ပွဲမှာ ပထမပိုင်း ၄၅ မိနစ်မှာတင်ပဲ ၄ ဂိုးသွင်းပြီးတော့ သူတို့ရဲ့ ဂိုးသွင်းစွမ်းရည် အမြင့်ဆုံးကို ပြသလိုက်တာပါပဲ။

ဒုတိယပိုင်းမှာလည်း နောက်ထပ်နှစ်ဂိုးထပ်သွင်းခဲ့သလို လိဒ်ကလည်း တစ်ဂိုးသွင်းခဲ့လို့ ပွဲအပြီးမှာ မန်ယူ ၆ – ၂ လိဒ်နဲ့ ပြီးဆုံးခဲ့ပါတယ်။

အခုပွဲမှာ အနိုင်ရခဲ့တဲ့အတွက် ယူနိုက်တက်အသင်းက တစ်ပွဲလျော့အနေအထားနဲ့ ဇယားမှာ နံပတ် ၃ အထိတက်ရောက်လာခဲ့ပြီးတော့ ဇယားထိပ်က လီဗာပူးအသင်းကို ဖိအားပေးထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။