လက်ကျန်ပွဲ အနိုင်ကစားပြီး အမှတ်ပေးဇယား ဒုတိယနေရာကို ရောက်အောင်သွားမယ်ဆိုတဲ့ ဆိုးလ်ရှား

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ချန်ပီယံလိဒ်ကနေ ထွက်ခဲ့ရပေမယ့်လည်း ပရီးမီးယားလိဒ်မှာ အခြေအနေကောင်းနေတယ်လို့ ဆိုရပါမယ်။

လက်ကျန်ပွဲစဉ်နှစ်ပွဲတည်းက တစ်ပွဲဖြစ်တဲ့ ရှက်ဖီးနဲ့ပွဲကို ဒီည ၂ နာရီခွဲအချိန်မှာ ကစားခဲ့ပြီး အနိုင်ရခဲ့ပါတယ်။ အကယ်၍ လက်ကျန်ပွဲသာ အနိုင်ရခဲ့မယ်ဆိုရင် ၂၆ မှတ်နဲ့ အမှတ်ပေးဇယား နံပတ် ၂ နေရာမှာ လွတ်လွတ်ကျွတ်ကျွတ်နေနိုင်မှာလည်း ဖြစ်ပါတယ်။

“လက်ကျန်ပွဲတွေကို အနိုင်ကန်ဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။ အဲဒါဆိုရင် ကျနော်တို့အသင်း နံပတ် ၂ နေရာကို ရောက်လာပါပြီ။ ဒီဇင်ဘာလလို ပွဲကျပ်ကာလမှာ နံပတ် ၂ နေရာယူထားနိုင်တယ်ဆိုတာ ချန်ပီယံအိပ်မက်တွေ အသက်ဆက်တယ်လို့ ပြောရပါမယ်” ဆိုပြီး ဆိုးလ်ရှားက ပြောခဲ့တာပါ။

ဒီရာသီမှာ မန်ချက်စတာယူနိုက်တက်အနေနဲ့ အဝေးကွင်းမှာ သရေနဲ့ အရှုံးလုံးဝကိုမရှိဘဲ အနိုင်ရလဒ်တွေပဲ ရယူထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဆိုးလ်ရှားအနေနဲ့ကတော့ လာမယ့် ဆောင်းရာသီအပြောင်းအရွှေ့မှာ လူသစ်ထပ်ခေါ်ပေးဖို့အတွက် အသင်းကို တောင်းဆိုထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် သူကတော့ အတည်မပြုပေးခဲ့ပါဘူး။

“ဒီလိုအကျပ်အတည်းကာလာမှာ အသင်းဘက်ကိုလည်း ကျနော်တို့ ငဲ့ညာရမှာတွေရှိပါတယ်။ လူသစ်ခေါ်မခေါ် ဆိုတာက ကျနော်ဆုံးဖြတ်ချက်ထက် အသင်းကလူကြီးတွေ ဆုံးဖြတ်ပါလိမ့်မယ်” ဆိုပြီး ပြောခဲ့ပါတယ်။

အသင်းမှာ ပေါ့ဘာအသင်းပြောင်းမဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး ဂယက်ရိုက်မှုတွေရှိပေမယ့်လည်း အကောင်းဆုံး ထိန်းကျောင်းထားနိုင်တယ်လို့လဲ သူက ဆိုထားပါတယ်။