ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်၏အခြေအနေအရပ်ရပ်အား ပြည်သူလူထုသို့ပြောကြားသည့် မိန့်ခွန်း

ပြည်ထောင်စုဖွား တိုင်းရင်းသား ပြည်သူများခင်ဗျာ

တပ်မတော်ဟာ  ခေတ်အဆက်ဆက်  ပြည်သူနဲ့ပတ်သက်လာလျှင်  “ ပြည်သူသာအမိ၊  ပြည်သူသာအဖ ”  ဆိုတဲ့ ဆောင်ပုဒ်ကို  ဦးထိပ်ထား ဆောင်ရွက်ခဲ့တဲ့ အဖွဲ့အစည်းလည်းဖြစ်ပါတယ်။  နိုင်ငံတော်ရဲ့ အမျိုးသား နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍကိုလည်း မဖောက်မပြန် ခိုင်ခိုင်မာမာ ရပ်တည်နေတဲ့ အဖွဲ့အစည်းလည်းဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါပြဋ္ဌာန်းချက်များကို လေးစားလိုက်နာလျက်ရှိတဲ့ အဖွဲ့ အစည်းတစ်ခုလည်းဖြစ်ပါတယ်။ တပ်မတော်အနေဖြင့် ခေတ်အဆက်ဆက် ကပင် ပြည်သူတို့ လိုလားတောင်းဆိုတဲ့   “ ပါတီစုံဒီမိုကရေစီစနစ် ” ကို ဆွေးနွေးညှိနှိုင်းခြင်းနည်းလမ်းများ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအရ ဆောင်ရွက်ခြင်းနည်းလမ်းစတဲ့ နိုင်ငံရေးယဉ်ကျေးမှုများဖြင့် တည်ငြိမ် အေးချမ်းစွာ အသွင်ကူးပြောင်းပေးခဲ့ကြောင်း ဦးစွာပြောကြားလိုပါတယ်။

ပါတီစုံဒီမိုကရေစီစနစ်မှာ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲများဟာ ဒီမိုကရေစီစနစ် ရေရှည်တည်တံ့ခိုင်မာစေရေး အတွက် အဓိကလိုအပ်ချက်ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော့်အနေနဲ့  တစ်တိုင်းပြည်လုံးသို့ပြောကြားခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် နှစ်သစ်ကူးမိန့်ခွန်းမှာ “၂၀၂၀ ပြည့်နှစ်ဟာ နိုင်ငံအတွက် အရေးကြီးတဲ့နှစ် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲပြုလုပ်မယ့် နှစ်ဖြစ်လို့ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေဖို့ အရေးကြီးကြောင်း” ထည့်သွင်းပြောကြားခဲ့ပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲများဖြစ်စေရေး၊ နိုင်ငံရေးဆောင်ရွက်ရာမှာ အမျိုးသားအကျိုးစီးပွားကို အလေးထားပြီး ရိုးသားစွာဆောင်ရွက်ကြ စေရေးအတွက် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ချုပ်ဆိုခြင်း ၃ နှစ်ပြည့် အခမ်းအနားမှာ “ တိုင်းရင်းသားအရေး၊ အမျိုးသားအကျိုးစီးပွားအရေးထက် ပိုအရေးကြီးတာမရှိဘူး၊ ရိုးသား တဲ့ နိုင်ငံရေး၊ တရားမျှတတဲ့နိုင်ငံရေးကိုသာ လိုချင်ပါတယ်” လို့ ပြောခဲ့ပါ တယ်။ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၊ (၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေး မှာလည်း ဒီမိုကရေစီစနစ်တည်ဆောက်ရာမှာ “ဥပဒေရဲ့အထက်မှာ မည်သူမျှမရှိ” ဆိုတဲ့ စကားရပ်ဟာ ဒီမိုကရေစီအုတ်မြစ် တည်တံ့ခိုင်မြဲ စေဖို့ အခြေခံလိုက်နာရမယ့်အချက်ဖြစ်သလို နိုင်ငံတည်ဆောက်ရေး (State Building)၊ တိုင်းပြည်တည်ဆောက်ရေး (Nation Building) ဆောင်ရွက်ရာမှာလည်း အမျိုးသားအကျိုးစီးပွား၏အထက်မှာမည်သည့် ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းမျှမရှိ” ဆိုတာ ခံယူရမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါတွေပြောဆိုရခြင်းဟာ တပ်မတော်အနေနဲ့ ပြည်သူ တို့ လိုလားတောင့်တပြီး အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ ပါတီစုံဒီမိုကရေစီစနစ် ပိုမိုခိုင်မာပြီး စနစ်တကျ ရေရှည်တည်တံ့စေဖို့ အတွက်ပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံဟာ ပါတီစုံဒီမိုကရေစီစနစ် လမ်းကြောင်းကို လျှောက်လှမ်းပြီးနောက် ကြားဖြတ်ရွေးကောက်ပွဲများအပါအဝင် ရွေးကောက်ပွဲများကို ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၂ ခုနှစ်၊ ၂၀၁၅ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်တို့မှာ ၄ ကြိမ်ကျင်းပခဲ့ပါတယ်။ ရွေးကောက်ပွဲများမှာ သာမန် အငြင်းပွားမှုတွေရှိခဲ့ပေမယ့်လည်း ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှအပ       ကျန်ရွေးကောက်ပွဲများမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) အနေနဲ့ ပွင့်လင်းမြင်သာစွာနဲ့ တရားမျှတစွာ ဖြေရှင်းပေးနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့်လည်း နှစ်ဦးနှစ်ဖက်ကျေနပ်မှုများရှိခဲ့ပြီး ဒီမိုကရေစီခရီးကို ရှေ့ဆက်လျှောက်လှမ်းနိုင်ခဲ့ကြပါတယ်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ တော့ မဲဆွယ်ကာလကတည်းက နိုင်ငံရေးပါတီတွေရဲ့မူဝါဒများကို မြန်မာ့အသံ နဲ့ ရုပ်မြင်သံကြားကထုတ်လွှင့်ရာမှာ UEC က Censor ဖြတ်တောက် မှုတွေ၊ COVID-19 အကြောင်းပြပြီး ကြိုတင်ဆန္ဒမဲပေးခြင်းများကို ကြေညာချက် အမျိုးမျိုးထုတ်ပြီး ဆောင်ရွက်ခဲ့တာတွေ၊ တရားမျှတတဲ့ မဲဆွယ်စည်းရုံးခွင့် မရရှိခဲ့တာတွေဟာ ရွေးကောက်ပွဲမတိုင်မီကတည်းက အငြင်းပွားစရာတွေ ဖြစ်ခဲ့ပါတယ်။ တပ်မတော်အနေနဲ့ကတော့ ကြိုတင် မဲများနဲ့ ပတ်သက်ပြီး ရက်ပေါင်း ၉၀ ထက်မနည်း မိမိနေရာ ဌာနရဲ့ ပြင်ပမှာ စစ်ဆင်ရေးတာဝန် ထမ်းဆောင်နေရတဲ့ တပ်မတော်သားတွေ၊ တပ်ပြင်ပ တာဝန်ထမ်းဆောင်နေရသူများကို စာရင်းတိတိကျကျပေး ဆောင်ရွက်ခဲ့ပါတယ်။ UEC က တပ်မတော်သားများနဲ့ မိသားစုဝင်များ မဲပေးတဲ့ အခါမှာ မဲရုံတွေကို တပ်ပြင်တွေမှာပဲ ဆောင်ရွက်ရမယ်လို့ ပြောခဲ့ပါတယ်။ ဒါကိုကျွန်တော် ချက်ချင်းလိုက်နာခဲ့ပါတယ်။ ကျွန်တော်တို့အားလုံး ကျွန်တော်အပါအဝင် တပ်ပြင်ပမှာပဲ လွတ်လပ်စွာ ပြည်သူနဲ့ တစ်သားတည်း  မဲပေးခဲ့ပါတယ်။

ရွေးကောက်ပွဲအပြီးကာလမှာလည်း အငြင်းပွားမှုတွေ ဆက်တိုက် ဖြစ်ခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ နိုင်ငံရေးပါတီပေါင်း ၈၄ ပါတီဖြစ်ပါတယ်။ ကန့်ကွက်လွှာ တင်သွင်းထားတဲ့ အမှုပေါင်း ၂၁၇ မှုရှိပါတယ်။ နိုင်ငံရေးပါတီများအနေနဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တရားမျှတမှုရှိစေဖို့ ဖြေရှင်းပေးဖို့ UEC ကို ရွေးကောက်ပွဲ မတိုင်မီကတည်းက တောင်းဆိုမှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း ဆောင်ရွက်ပေးခြင်းမရှိခဲ့ပါဘူး။ နိုင်ငံရေးပါတီများအနေနဲ့ နိုင်ငံတော်ရဲ့ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှာ ပါဝင်နေတဲ့ တပ်မတော်ကို အကူအညီတောင်းခံခဲ့ပါတယ်။ တပ်မတော်အနေနဲ့ မဲစာရင်းတွေကို စစ်ဆေးခဲ့ပါတယ်။ မြို့နယ်တစ်ခုချင်းအတွင်း ထပ်နေတဲ့မဲစာရင်းတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်များအတွင်းရှိ မြို့နယ်များအကြား ထပ်နေတဲ့ မဲစာရင်းတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်များအကြား ထပ်နေတဲ့ မဲစာရင်းတွေ၊ မဲမသမာမှုဖြစ်နိုင်တဲ့ အခြားမဲစာရင်းတွေ စုစုပေါင်း ၁၀,၄၈၂,၁၁၆ (၁၀ သန်း ၄ သိန်းကျော်) တွေ့ရှိခဲ့ပါတယ်။ အသက် ၁၈ နှစ် မပြည့်ဘဲ မဲစာရင်းတွင်ပါဝင်နေသူ ၁၁,၉၄၃ ဦး၊ နိုင်ငံသားစိစစ်ရေးကဒ် မရှိဘဲ မဲစာရင်းတွင်ပါဝင်နေသူ ၄,၆၄၈,၂၇၀ ဦး(၄ သန်း ၆ သိန်းကျော်)နဲ့ အသက် ၁၀၀ နှစ်နှင့်အထက်မဲစာရင်း ၁၈,၃၅၆ ဦး ပါဝင်ပါတယ်။ UEC အနေနဲ့ မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းတွေ ထုတ်ပြန်ရာမှာလည်း အမျိုးမျိုးကွဲပြားနေတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၂၅ ရက်နေ့ထုတ်ပြန်ရာမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေဟာ ၃၇,၅၇၂,၅၂၁ ဦး (၃၇ သန်း ၅ သိန်းကျော်) ဖြစ်ပါတယ်။ အောက်တိုဘာ လ ၂ ရက်နေ့ ထုတ်ပြန်ရာမှာတော့ ၃၈,၅၂၉,၁၉၈(၃၈ သန်း ၅ သိန်းကျော်) ဖြစ်ပါတယ်။ ရွေးကောက်ပွဲကျင်းပပြီးနောက်ပိုင်းကာလ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများကတစ်ဆင့် သက်ဆိုင်ရာ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးများကို ပေးပို့တဲ့စာရင်းများအရ  ၃၉,၂၇၇,၂၁၄ (၃၉ သန်း ၂ သိန်းကျော်) ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ ၃၈,၂၇၁,၄၄၇ (၃၈ သန်း ၂ သိန်းကျော်)ဖြစ်ပါတယ်။ ဒီလိုအမျိုးမျိုးဖြစ်နေတာဟာ စဉ်းစားစရာ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းက ရရှိတဲ့ မွေးနှုန်း၊ သေနှုန်း၊ ပြောင်းရွှေ့နှုန်းများကို အခြေခံပြီး လူဦးရေ နည်းပညာနဲ့ ခန့်မှန်းတွက်ချက်ထားတဲ့ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁ ရက်နေ့တွင်ရှိရမယ့် အသက် ၁၈ နှစ် နှင့်အထက် ခန့်မှန်း လူဦးရေ စာရင်းမှာ ၃၆,၉၆၃,၆၅၉ ဦး (၃၆ သန်း ၉ သိန်းကျော်)ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကျင်းပပြီးစီးသည့်ကာလနောက်ပိုင်း UEC ကထုတ်ပြန် သည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၃၉ သန်း ၂ သိန်းကျော်ဟာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနရဲ့ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလမှာ ရှိရမယ့် လူဦးရေစာရင်းထက် ၅ သန်း ၄ သိန်းကျော်နဲ့ လူဦးရေနည်းပညာဖြင့် ခန့်မှန်းတွက်ချက်ထားတဲ့စာရင်း ထက် ၂ သန်း ၃ သိန်းကျော် ပိုနေတာကို တွေ့ရှိရပါတယ်။ ဒါတွေဟာ လက်တွေ့ဖြစ်ပျက်နေတဲ့ ပကတိအချက်အလက်တွေပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ စည်းကမ်း ပြည့်ဝစစ်မှန်တဲ့ ဒီမိုကရေစီစနစ်နဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို အမှန်တကယ် လိုလားတယ်ဆိုရင် စိတ်ခံစားမှုဆိုတာထက် လက်တွေ့ အချက်အလက်တွေကို ဦးတည်ကြဖို့ ပြောကြားလိုပါတယ်။

၂၀၁၅ နဲ့နောက်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲများအပေါ် တွေ့ရှိချက်အနေနဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံး ပျှမ်းမျှမဲပေးမှုရာခိုင်နှုန်းဟာ ၆၉.၆၃ ရာခိုင်နှုန်းဖြစ်ပါတယ်။ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ မဲပေးမှုရာခိုင်နှုန်းဟာ ၅၀ ရာခိုင်နှုန်းခန့် အထိ လျော့ကျသွားပါတယ်။ ၂၀၁၈ ခုနှစ် ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီရွေးကောက်ပွဲမှာတော့ ပျှမ်းမျှမဲပေးမှုရာခိုင်နှုန်းဟာ ၁၄ ရာခိုင်နှုန်း ကျော်ကျော်သာရှိခဲ့ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ ၇၁.၀၆ ရာခိုင်နှုန်း မဲပေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန် ချက်များအရ သိရပါတယ်။ ယခင်ရွေးကောက်ပွဲနဲ့ မတူတာက COVID-19 ပြန့်ပွားနေတဲ့ကာလမှာဖြစ်ပါတယ်။ ဒါကိုပဲ သုံးသပ်ကြည့်ပါ။

ပြည်သူလူထုအနေနဲ့ တာဝန်ရှိသူများရဲ့ အုပ်ချုပ်မှုနဲ့ စီမံခန့်ခွဲမှု အမှားများအပေါ် မည်သို့သဘောထားကြောင်း တွေ့ရပါတယ်။ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာလည်း မဲမပေးရေး (No Vote) လှုပ်ရှားမှု များ ပေါ်ပေါက်လာကြောင်း တွေ့ရပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ရောက်တဲ့နေရာတိုင်းမှာ ပါတီစုံဒီမိုကရေစီစနစ်မှာ လွတ်လပ်ပြီးတရား မျှတတဲ့ ရွေးကောက်ပွဲဟာ အသက်ဖြစ်လို့ မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးကြဖို့ အမြဲတိုက်တွန်း နှိုးဆော်ပြောကြားခဲ့ပါတယ်။

အဲဒီလိုတွေ့ရှိချက်တွေ၊ မဲမသမာမှုစာရင်းတွေအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများကို စိစစ်မေးမြန်းလျက်ရှိပါတယ်။ မှားယွင်းနေတဲ့ မဲစာရင်းတွေ၊ မဲမသမာမှုဖြစ်နိုင်တဲ့ စာရင်းတွေကနေ ထွက်ပေါ်လာတဲ့ ရလဒ်တွေဟာ ပြည်သူတို့လိုလားတောင့်တခဲ့တဲ့ ဒီမိုကရေစီစနစ် ခိုင်မာဖို့ အတွက် အခက်အခဲများစွာရှိပါတယ်။ တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံ  အခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပြဋ္ဌာန်းချက်များနှင့်အညီ UEC ၊ လွှတ်တော်နဲ့ သမ္မတတို့ထံ မဲစာရင်းများ ဖြေရှင်းပေးဖို့တောင်းဆိုခဲ့ပါတယ်။ အဆင့်ဆင့် တာဝန်ပျက်ကွက်ခဲ့ကြပါတယ်။ တပ်မတော်အနေနဲ့ နောက်ဆုံးအချိန်ထိ ဥပဒေနဲ့အညီ ဆွေးနွေးညှိနှိုင်းအဖြေရှာရေးလမ်းစဉ်ကို ကိုင်စွဲ ဆောင်ရွက် ခဲ့ပါတယ်။ ဖြစ်ပျက်နေတဲ့အခြေအနေတွေကိုလည်း တပ်မတော်သတင်းစာ ရှင်းလင်းပွဲတွေကနေတစ်ဆင့် ပြည်သူလူထုကို ကမ္ဘာသိ တင်ပြခဲ့ပါတယ်။ တာဝန်ရှိသူများအနေနဲ့ အကြောင်းအမျိုးမျိုးပြပြီး တာဝန်ယူမှု၊ တာဝန် ခံမှုတွေ ပျက်ကွက်ခဲ့တာရှိပါတယ်။ ဒါ့ကြောင့်လည်း စစ်မှန်ပြီးစည်းကမ်း ပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်)နဲ့အညီ အရေးပေါ်အခြေအနေ ကြေညာ ပြီး နိုင်ငံ့တာဝန်များ ထမ်းဆောင်နေရခြင်းဖြစ်ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းပြီး နိုင်ငံတော် တာဝန်ကို ထမ်းဆောင်နေစဉ်ကာလမှာ ကျွန်တော်တို့အနေနဲ့ ရှေ့ဆက် လုပ်ဆောင်မည့်အချက် (Road Map) ၅ ချက်ကို ဖေဖော်ဝါရီလ ၁ ရက်နေ့ ကတည်းက ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါတယ်။ အဲဒီအချက် ၅ ချက်နဲ့ လုပ်ဆောင်နေမှုတွေကိုလည်း ကျွန်တော် တိုင်းရင်းသားမိဘပြည်သူများကို တင်ပြပါမယ်။

(တစ်)     ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြန်လည် ဖွဲ့စည်းပြီး မဲစာရင်းများ စစ်ဆေးခြင်းအပါအဝင် လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည်များကို ဥပဒေ နှင့်အညီ ဆက်လက်ဆောင်ရွက်ရန်ဖြစ်ပါတယ်။ UEC အသစ်ကို ကျွန်တော်တို့ ဖွဲ့စည်းပြီးပါပြီ။ မဲစာရင်းတွေ စစ်ဆေးလျက်ရှိပါတယ်။ အမြန်ဆုံးထုတ်ပြန်ပေးသွားပါ မယ်။ ဒီနေရာမှာ ထူးခြားနေတာက  ယခင် UEC က တတိယ အကြိမ်မဲစာရင်း ထုတ်ပြန်ခဲ့တယ်ပြောပါတယ်။ လက်တွေ့ စစ်ဆေးကြည့်ရာမှာ တတိယအကြိမ် မဲစာရင်းဆိုတာ ယခုထိမတွေ့ပါဘူး။ တွေ့ရရင်လည်း အတည်ပြုလုပ်ဆောင်ပါမယ်။ ဒုတိယအကြိမ် မဲစာရင်း ကိုပဲ ပြန်လည် လုပ်ဆောင်ထားတာဖြစ်ကြောင်း တွေ့ရပါတယ်။

(နှစ်)      လတ်တလော ဖြစ်ပွားနေဆဲဖြစ်သည့် COVID-19 ကပ် ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ထိထိရောက်ရောက် ဆက်လက် ဆောင်ရွက်သွားရန် ဖြစ်ပါတယ်။ ကျွန်တော်တို့ လက်တွေ့လုပ်ဆောင်လျက် ရှိပါတယ်။ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံမှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော်တို့ ဒီအခက်အခဲကို ပြည်သူလူထုနဲ့ အတူ လက်တွဲကျော်လွှားပါမယ်။ ပြည်သူများ လှူဒါန်း ထားတဲ့ COVID-19 အလှူငွေတွေကို ကျွန်တော်တို့ ယခင်အတိုင်း စနစ်တကျ ထိန်းသိမ်းထားပါတယ်။ ထပ်မံ လှူဒါန်းလိုသူတွေကိုလည်း ဖိတ်ခေါ်အပ်ပါ တယ်။ အကျိုးရှိရှိ၊ ထိထိ ရောက်ရောက်၊ ပွင့်လင်း မြင်သာစွာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။ ကာကွယ် ကုသခြင်း အပိုင်းတွေကိုလည်း အရှိန်အဟုန်နဲ့ ဆောင်ရွက်သွားပါမယ်။ ထပ်မံရရှိရေး ဆောင်ရွက် ပါမယ်။ ကျေးလက်နေပြည်သူများ၊ ရဟန်းသံဃာများ ပါမကျန် မြန်မာနိုင်ငံအနှံ့ ကာကွယ်ဆေးထိုးနိုင်ရေး အလေးထား ဆောင်ရွက်သွားပါမယ်။ ပြည်သူလူထု တစ်ရပ်လုံး ပူးပေါင်းကူညီဆောင်ရွက်ကြဖို့ မေတ