ကိုဗစ်ပိုးတွေ့ရှိ လူနာများပြားနေသော်လည်း အထည်ချုပ်စက်ရုံများ ပိတ်သိမ်းမည်မဟုတ်

ပုသိမ်၊ ဇန်နဝါရီ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ အထည်ချုပ်စက်ရုံများတွင် ကိုဗစ်-၁၉ ကူးစက်မြန် ရောဂါပိုးရှိသည့် စက်ရုံဝန်ထမ်းများ တွေ့ရှိလာသော်လည်း အထည်ချုပ်စက်ရုံများကို ပိတ်သိမ်းရပ်နားရန် အစီအစဉ် မရှိသေးကြောင်း ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ပုသိမ်မြို့နယ်ရှိ အထည်ချုပ်စက်ရုံများကို ဧရာဝတီတိုင်းဒေသကြီး ကျန်းမာရေးဌာနနှင့် အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနတို့ ပူးပေါင်းစစ်ဆေးကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသော ညွှန်ကြားချက်များအတိုင်း (A) အဆင့်ရရှိသော စက်ရုံများကို နိုဝင်ဘာလဆန်းပိုင်းက စတင်၍ ပြန်လည် ဖွင့်လှစ်ခွင့်ပေးခဲ့ကြောင်း သိရသည်။

“ပုသိမ်မြို့နယ်အနေနဲ့ စက်ရုံပေါင်း ၉ ရုံရှိပါတယ်။ အထည်ချုပ် စက်ရုံဝန်ထမ်းတွေမှာ ကိုဗစ်ပိုး တွေ့ရှိမှုဟာ သူတို့ နေထိုင်ရာ အဆောင်၊ ရပ်ကွက်လို နေရာမျိုးကနေ ကူးစက်တာပဲ တွေ့ရပါတယ်။ သူတို့နဲ့ ထိစပ်မှုရှိတဲ့ Contact တွေကိုလည်း ကျွန်တော်တို့ ကွာရန်တင်းအကုန် ထည့်ပါတယ်။ စက်ရုံတွေကကျတော့ အများပြည်သူ စားဝတ်နေရေးအတွက် ပိတ်ထားလို့ မဖြစ်ပါဘူး။ သူတို့ရဲ့ အလုပ်အကိုင်အခွင့်အလမ်းလည်း မထိခိုက်အောင် ရောဂါကူးစက်ပြန့်ပွားမှုလည်း မဖြစ်အောင် ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်။”ဟု ဧရာဝတီတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒုတိယ ညွန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က ပြောသည်။

အဆိုပါ အထည်ချုပ်စက်ရုံများတွင် ဒီဇင်ဘာလနှင့် ဇန်နဝါရီလဆန်းပိုင်းအတွင်း ကိုဗစ်ပိုးတွေ့လူနာများ တွေ့ရှိခဲ့ပြီး စုစုပေါင်း လူနာ ၁၅ ဦးထက်မနည်း ရောဂါပိုး ကူးစက်ခံခဲ့ရကာ ၎င်းတို့နှင့် ထိစပ်မိသူများကိုလည်း လူထုအခြေပြု ကွာရန်တင်းစင်တာနှင့် နေအိမ်များတွင် အသွားအလာကန့်သတ်မှုများကို ကျန်းမာရေးဌာနက လုပ်ဆောင်ပေးထားရကြောင်း သိရသည်။

ပုသိမ်မြို့ရှိ အထည်ချုပ်စက်ရုံများတွင်လည်း အလုပ်လာဆင်းသည့် ဝန်ထမ်းများကို ကိုယ်အပူချိန်တိုင်းခြင်း၊ လက်ဆေးရည်များ ထားရှိခြင်း၊ ၆ ပေစီ ခြား၍ နေထိုင်စေခြင်း၊ ဖျားနာပါက အလုပ်မဆင်းရန် ညွှန်ကြားခြင်း၊ စက်ရုံတွင်း၌ ယာယီဆေးခန်း ဖွင့်လှစ်၍ ဖျားနာသူများအား လူထုအခြေပြု ကျန်းမာရေးဆေးခန်းသို့ စစ်ဆေးရန် ပို့လွှတ်ခြင်းစသော လုပ်ငန်းစဉ်များ လုပ်ဆောင်ထားကြောင်း သိရသည်။

ကျော်ဌေး