ကယားပြည်နယ်တွင် ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း(CBT)ကျေးရွာ ၃ ရွာ ထပ်မံဖော်ဆောင်မည်

လွိုင်ကော် ၊ ဒီဇင်ဘာ ၂၄

ကိုဗစ်ကာလအလွန် ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ချိန်တွင် ခရီးသွားများလည်ပတ်နိုင်ရန်အတွက် ကယားပြည်နယ်တွင် ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း Community Base Tourism (CBT) ကျေးရွာ ၃ ရွာ ထပ်မံဖော်ဆောင်မည်ဟု ကယားပြည်နယ်ဒေသခံ ခရီးသွားကော်မတီမှ ခရီးသွားတတ်သိပညာရှင် ဦးသန်းထွေး ကပြောသည်။

“ကျွန်တော်တို့ ဆက်ပြီးဖော်ဆောင်ဖို့ရှိတာက နောက်ထပ် ၃ ရွာ ဖော်ဆောင်ဖို့ ရှိတယ်။ ပန်ပက်နားမှာရှိတဲ့ လိုပူဆိုတဲ့ရွာ ရှိတယ်။ ကယောလူမျိုးတွေအတွက် ကျတော့ ယိုစပရာ ဆိုတဲ့ရွာရှိတယ်။ အဲနှစ်ရွာကိုလည်း CBT အနေနဲ့ ထပ်လုပ်ဖို့ ရွာသားတွေနဲ့လည်း ညှိပြီးပြီ။ သူတို့လည်းလုပ်ချင်တယ်။ ကျွန်တော်တို့လည်း အစိုးရကို တရားဝင်တင်ပြပြီးတော့ လုပ်နေတာပေါ့။နောက်ထပ်ရွာက လီဆူးရွာ၊ အိုက်စန့် လို့ ခေါ်တယ်။ ကယန်းအနေနဲ့ပြောမယ်ဆိုရင် လိုပူ၊ ကယောအနေနဲ့ပြောမယ်ဆိုရင် ယိုစပရာ၊ လီဆူးအနေနဲ့ပြောမယ်ဆိုရင် အိုက်စန့် အဲဒီ ၃ ရွာ ရှိတယ်”ဟု ဦးသန်းထွေးက ပြောသည်။

လက်ရှိတွင် ကယားပြည်နယ်၌ Community Base Tourism(CBT)ကျေးရွာများဖြစ်သော ကယားရွာဖြစ်သည့်ဒေါတမကြီး၊ ကြေးကွင်းပတ်ကယန်းရွာ ဖြစ်သည့်ပန်ပက်၊ ကယောရွာဖြစ်သည့် ထေခို နှင့် ကယားရွာ တနီးလာလဲ စသည့် ၄ ရွာ ရှိပြီး ၃ ရွာ ထပ်မံဖော်ဆောင်ရန် ဆောင်ရွက်လျက် ရှိသည်။

အဆိုပါ CBT ကျေးရွာ ၃ ရွာ ကို ထပ်မံဖော်ဆောင်ရန်အတွက် သက်ဆိုင်ရာကို တင်ပြထားပြီး ဖြစ်ကြောင်း လက်ရှိ ဖြစ်ပွားနေသည့် COVID-19 ကပ်ရောဂါ ပြီးပါက ခရီးစဉ်များ ပြန်စလျှင် CBT ရွာ အနေဖြင့် ၃ ရွာ ကို ဖော်ဆောင်ပြီး ခရီးစဉ်အသစ်အနေဖြင့် ရွာသစ်နှင့် ရှားတောကို ဖော်ဆောင်မည်ဖြစ်သည်။

သူရိန်