တီးတိန်မြို့နယ်နှင့် မင်းတပ်မြို့နယ်ကျေးရွာနှစ်ရွာ၌ လူထုအခြေပြု ခရီးသွားလုပ်ငန်း လုပ်ဆောင်ရန် ပြင်ဆင်

ဟားခါး ၊ ဇန်နဝါရီ ၁၂

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ပိန်းပိကျေးရွာနှင့် မင်းတပ်မြို့နယ်၊ ဘောင်ကျေးရွာနှစ်ရွာတို့၌ လူထုအခြေပြု ခရီးသွားလုပ်ငန်း(CBT)ကို လုပ်ဆောင်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

” ဒီရွာတွေကို ရွေးချယ်ရတာက ခရီးသွားလမ်းကြောင်းပေါ်မှာ ရှိတယ်။ ဒေသခံတွေရဲ့ စိတ်ပါဝင်စားမှုနဲ့ ပူးပေါင်းပါဝင်မှုအပေါ် အခြေခံပြီးရွေးချယ် ဖြစ်တာပါ။ ပိန်းပိ ဆိုတာ ခိုင်ကမ်း ဆင်စခန်းနဲ့ တီးတိန်မြို့ရဲ့ အလှအပတွေခံစားပြီး ကနေဒီတောင်(လေသာတောင်)ကို တက်လို့ရတယ်။ ကလေးမြို့ကလာရင် လည်းနီးတယ်။ ရိုးရာယဉ်ကျေးမှုတွေ လည်း လေ့လာလို့ရတယ်။ ဘောင်ကျေးရွာဆိုလည်း လေ့လာစရာတွေ အများကြီးရှိတယ်။ ဒါကြောင့် ဒီရွာနှစ်ရွာကိုရွေးချယ်ဖြစ်တာပါ” ဟု ချင်းပြည်နယ်၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်နယ်တာဝန်ခံ ဦးအောင်ဖြိုးက ပြောသည်။

လူထုအခြေပြု ခရီးသွားလုပ်ငန်း(CBT)ကိုCOVID-19 အလွန်ကာလအတွက် ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်ပြီး ခရီးသွားခွင့်ပြုပါက ခရီးသွားလာနိုင်ကြောင်း ကြေညာမည် ဖြစ်သည်။

ပိန်းပိကျေးရွာသည် ပင်လယ်ရေမျက်နှာပြင်အထက် ၃၅၅၄ ပေတွင်တည်ရှိပြီး ဒေသခံများ၏ ရိုးရာဓလေ့များ၊ ရိုးရာသီချင်းများဖြင့် ခရီးသွားဧည့်သည်များအကြား ရေပန်းစားသော နေရာတစ်ခုဖြစ်ကာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှ ခိုင်ကမ်း-ပိန်းပိ ကျေးရွာ လမ်းကြောင်းအတိုင်း သွားရောက်နိုင်ကြောင်း၊ အဆိုပါကျေးရွာ သည် ချင်းပြည်နယ်တွင် ဒုတိယအမြင့်ဆုံးတောင် ဖြစ်သည့် ကနေဒီတောင်၏ တောင်ခြေတွင် ရှိသောကြောင့် ကျောက်ဂူများနှင့် ကနေဒီတောင်မှ အဆင်းတွင် ရှာလ်လုမ်း ခံတပ်ကိုလည်း ဝင်ရောက် လေ့လာနိုင်မည် ဖြစ်ကြောင်း သိရသည်။

ဘောင်ကျေးရွာသည် မင်းတပ်မြို့မှ ၂၅ မိုင်ခန့် အကွာတွင် တည်ရှိပြီး မော်တော်ယာဉ်ဖြင့် တစ်နာရီခန့် သွားလာရသည့် ခရီးစဉ်ဖြစ်ကြောင်း သိရသည်။ ဘောင်ကျေးရွာရှိ ဒေသခံများသည် အသုံးအဆောင်များကို ဝါးဖြင့် ပြုလုပ်အသုံးပြုကြပြီး ချိုးလူမျိုးတို့၏ ရိုးရာ ဝါးဂီတ၊ သစ်သားပတ္တလား တီးခတ်မှုများကိုလည်း လေ့လာနိုင်သည့်အပြင် ကြက်ဥ ဗေဒင် တွက်ချက်နည်း၊ ရိုးရာဂျပ်ခုတ် လုပ်ငန်းများ၊ ရိုးရာပါးရဲ ထိုးခြင်းများကို လေ့လာနိုင်သည်။ အဆိုပါကျေးရွာအခြေပြုခရီးစဉ်ဒေသတွင် ဒေသခံများနှင့်အတူ ရိုးရာအကကို ဝိုင်းဖွဲ့ကာ ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။

လက်ရှိတွင် ယင်းကျေးရွာနှစ်ရွာသည် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ကာ ခရီးသွားများ တည်းခိုရန်မှာမူ ဒေသခံများ၏ နေအိမ်များတွင် တည်းခိုနိုင်ကြောင်း သိရသည်။

ဆက်နိုင်