ပြည်သူ့အစိုးရလက်ထက်မှာ ကိုဗစ်-၁၉ ကပ်ဘေးနဲ့အတူ မျှော်လင့်ချက် အသက်ငင်နေတဲ့ သတင်းသမားများ

ဆီးချို၊ သွေးတိုးရှိသူတွေ ကိုဗစ်-၁၉ အတည်ပြုလူနာ ဖြစ်သွားပြီဆိုရင် အသက်ရှင်ဖို့မျှော်လင့်ချက် နည်းပါးတယ် ဆိုတာကို သင်သိပါသလား။

ဒီလိုပဲ ကိုဗစ်-၁၉ကပ်ကာလမှာ အသက်ရှင်ရပ်တည်ရေးထက် သတင်းရယူပိုင်ခွင့်လွတ်လပ်စွာရရှိရေးကို ပိုမိုမျှော်လင့်ပြီး ဒီမျှော်လင့်ချက်ယဲ့ယဲ့နဲ့ မီဒီယာလုပ်ငန်းကို အသက်ဆက်နေရတဲ့ သတင်းသမားတွေ အကြောင်းကိုရော သင်သိပါသလား။

ဒီအကြောင်းကို မီဒီယာလုပ်သက် ရှစ်နှစ်ကျော်ပြီဖြစ်တဲ့ Media Top4 မှသတင်းထောက် ကိုသူရိန် ကျော်က “အခု ကိုဗစ်-၁၉ ကပ်ကာလမှာ မီဒီယာသမားတွေအတွက် သတင်းရယူရတာဟာ သိပ်ခက်တယ်။ ကပ်ကာလမို့ ဖြစ်ရပ်တစ်ခုခုအတွက် သတင်းတင်ဆက်ရာမှာ အတည်ပြုဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေဆီ သတင်းသွားရောက်ယူဖို့ ခက်ခဲသလို မဖြေပေးချင်တဲ့သူဆိုရင်လည်း ဖုန်းတောင်မကိုင်ဘဲ ရှောင်နေတာမျိုး ကြုံရတယ်။ ဒီတော့ အများပြည်သူဆီ အချိန်မီ သတင်းပြန်တင်ဆက်ဖို့ အခက်ကြုံရတယ်”လို့ ပြောပြပါတယ်။

မီဒီယာသမားများကတော့ သက်ဆိုင်ရာတာဝန်ရှိသူက ဖြေကြားပေးမှုမရှိသော်ငြား သတင်းတင်ဆက်ဖို့ တာဝန်မှ ရှောင်လွှဲမရတဲ့အတွက် မိမိတာဝန်ကို ကျေပွန်အောင် နည်းလမ်းမျိုးစုံ ရှာဖွေကာ ဆောင်ရွက်နေကြရပါတယ်။

“ကျွန်တော်တို့ သတင်းတင်ဆက်တာကို တိုက်ကလည်း dead line( အချိန်မီ)အမီ တောင်းတယ်။ သတင်းယူဖို့ မလွယ်တော့ အချိန်နဲ့ တပြေးညီ သတင်းတင်ဆက်ဖို့ ခက်လာတယ်။ ကိုဗစ်-၁၉ ကာလမှာ ဒီအခက်အခဲအပြင် တချို့မီဒီယာတွေမှာ လစာ၊ လမ်းစရိတ်လျှော့တာတွေ လုပ်လာကြတော့ သတင်းသမား အများစု ကျပ်တည်းလာကြတယ်”လို့ ကိုသူရိန်ကျော်က ဆက်လက် ပြောပြပါတယ်။

ကိုဗစ်ကာလမှာ မီဒီယာအချို့ ရပ်နားခဲ့ရပြီး သတင်းသမားအများစု အလုပ်လက်မဲ့ဖြစ်ခဲ့ ကြကာ တချို့မှာ အခြားသော အသက်မွေးဝမ်းကြောင်းများသို့ ပြောင်းလဲလုပ်ကိုင်ခဲ့ ကြပါတယ်။ ဒါပေမယ့် အသက်မွေးဝမ်းကြောင်း မပြောင်းလဲဘဲ အလွတ်တန်းသတင်းထောက် အဖြစ် မီဒီယာလုပ်ငန်းမှာ ပြန်လည်လုပ်ကိုင်သူတွေလည်း ရှိကြပါတယ်။

“ကျွန်တော်တို့ ဘယ်လိုပုံစံနဲ့ပဲ ရပ်တည်ရရ သတင်းသမားပါပဲ။ သတင်းသမား တစ်ယောက်ခြင်းစီရဲ့ အဓိက လိုချင်တဲ့ဆန္ဒကို ပြောပါဆိုရင် လွတ်လွတ်လပ်လပ် သတင်းရယူ တင်ဆက်ဖို့ပါပဲ″လို့ ရန်ကုန်မြို့က အလွတ်တန်းသတင်း ထောက်တစ်ဦး ဖြစ်တဲ့ မစန္ဒာမော်က ဆိုပါတယ်။

သတင်းလွတ်လပ်စွာ ရယူပိုင်ခွင့်ဟာ မီဒီယာသမားတွေအတွက်သာ မဟုတ်ဘဲ နိုင်ငံသားတစ်ယောက်ရဲ့မွေးရာပါ ပင်ကိုယ်အခွင့်အရေးပင် ဖြစ်ပြီး နိုင်ငံသားအားလုံးရဲ့ အခွင့်အရေးလည်းဖြစ်ပါတယ်။

“သတင်းရယူပိုင်ခွင့်က သတင်းလွတ်လပ်ခွင့်နဲ့ တိုက်ရိုက်အချိုးကျတာပေါ့။ ဒါက ဘာကို ပြဋ္ဌာန်းသလဲဆိုရင် ပြည်သူတွေရဲ့ သတင်းသိပိုင်ခွင့်နဲ့ တိုက်ရိုက် အချိုးကျတယ်။ သတင်းသိပိုင် ခွင့်ဆိုတာ နိုင်ငံသားအားလုံးရဲ့ အခြေခံအခွင့် အရေးပဲ။ ဒီအခွင့်အရေးကို ပြည်သူတွေရရှိဖို့ သတင်းမီဒီယာက ဖြည့်ဆည်းပေးနေတာပါ။ သတင်းထောက်တစ်ယောက်က သတင်းတိုက်တစ်ခုအတွက် သတင်းယူနေတာမဟုတ်ဘူး။ သတင်းသိခွင့်ရှိတဲဲ့ ပြည်သူလူထုအတွက် သတင်းပြန်ကြားဖို့ ကိုယ့်ထမင်းကိုယ်စားပြီး တာဝန်ထမ်းနေတာပါ။ ဒီသဘောတရားကို တာဝန်ရှိသူတွေက နားလည်လို့ရှိရင် ဒီကိစ္စက ရှင်းတယ်”လို့ သတင်းမီဒီယာ ကောင်စီဝင် တစ်ဦးဖြစ်တဲ့ ဦးကျော်မင်းဆွေက ဆိုပါတယ်။

ဘာကြောင့် သတင်းရယူပိုင်ခွင့် လွတ်လပ်ဖို့လိုတာလဲ?

လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်ဟာ ဒီမိုကရေစီစနစ်(ပြည်သူလူထုကအုပ်ချုပ်ခြင်းစနစ်)ရဲ့အသက်သွေးကြောပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီကျင့်ဝတ်တွေထဲက တစ်ခုဖြစ်တဲ့ “မိမိ၏ လွတ်လပ်မှုနှင့် အခွင့်အရေးကို ခံစားခွင့်ရှိသကဲ့သို့ တစ်ပါးသူရဲ့ လွတ်လပ်မှုနဲ့ အခွင့်အရေးကို လေးစား လိုက်နာရန်တာဝန်ရှိသည်”ဆိုတဲ့ အချက်နဲ့၊ ဒီမိုကရေစီရဲ့ အင်္ဂါရပ်တွေထဲက တစ်ခုဖြစ်တဲ့ “လူ့အခွင့်အရေး အပေါ်လေးစားလိုက်နာမှု”ဆိုတဲ့ အချက်တွေနဲ့လည်း ကိုက်ညီမှသာ ဒီမိုကရေစီစံနှုန်းပြည့်ဝတဲ့နိုင်ငံ ဖြစ်လာမှာပါ။

ဒီမိုကရေစီ စံနှုန်းပြည့်ပြည့်ဝဝနဲ့ သတင်းရယူပိုင်ခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်မှု ရှိမှသာ ပြည်သူတွေဆီ မှန်ကန်တဲ့ သတင်းအချက် အလက်တွေ စီးဆင်းမှု မြန်ဆန်ပြီး နိုင်ငံသားတွေရဲ့ နေ့စဉ်နေထိုင် ရှင်သန်မှုဘဝထဲက လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး ကိစ္စတွေမှာ သတင်းအချက်အလက် မှန်မှန်ကန်ကန်ရပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်မှာပါ။

သတင်းအချက်အလက် ရယူပိုင်ခွင့်နဲ့ ပတ်သက်ပြီး ဒီမိုကရေစီနိုင်ငံ ပီသဖို့အတွက် အစိုးရဘက်ကနေ ဘတ်ဂျက် ပွင့်လင်းမြင်သာမှု၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု၊ အခွန်ကောက်ခံရရှိမှု၊ အများပြည်သူနှင့်ဆိုင်သော ဝန်ဆောင်မှုလုပ်ငန်းများနှင့်စပ်လျဉ်းပြီး သတင်းအချက်အလက်များကို မီဒီယာများအပါအဝင် ပြည်သူများ လွယ်ကူစွာရရှိနိုင်ဖို့ လုပ်ဆောင်ထားရမှာ ဖြစ်ပါတယ်။

သတင်းရယူပိုင်ခွင့်လွတ်လပ်ခြင်း၏ ကောင်းကျိုးများ

သတင်းအချက်အလက် ရယူပိုင်ခွင့်ဆိုင်ရာ သီးခြားဥပဒေ ပြဋ္ဌာန်းခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထည့်သွင်း ရေးဆွဲခြင်းများ ပြုလုပ်ကာ သတင်းရယူပိုင်ခွင့်ကို အကာအကွယ်ပေးထားနိုင်မယ် ဆိုရင် အဂတိလိုက်စားမှု လျော့နည်းလာမှာပါ။ အစိုးရရဲ့လုပ်ဆောင်မှုတွေမှာ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှု မြင့်တက်လာနိုင်ပြီး အစိုးရရဲ့ တာဝန်ယူမှု တာဝန်ခံမှုလည်း ပိုမိုအားကောင်းလာမှာ ဖြစ်ပါတယ်။

ဒါ့အပြင် စီးပွားရေးလုပ်ငန်းတွေ အတွက်လည်း လိုအပ်တဲ့ သတင်းအချက်အလက်တွေကို မှန်မှန်နဲ့ မြန်မြန် ရလာတာမို့ ထိထိရောက်ရောက်လုပ်ကိုင် လာနိုင်ပြီး မျှတတဲ့ ယှဉ်ပြိုင်မှုတွေ ပိုမိုဖြစ်ထွန်းလာနိုင်မှာပါ။

အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ သတင်းအချက် အလက်ရယူပိုင်ခွင့် ဥပဒေကို ၁၉၉၇ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့ပြီး ဒီဥပဒေကြောင့် ဒီမိုကရေစီစနစ် ပိုမို အားကောင်းလာခဲ့ပါတယ်။ နိုင်ငံပေါင်း ၁၂၀ မှာလည်း ဒီဥပဒေကို ပြဋ္ဌာန်းပေးခဲ့ပြီး ဖြစ်ပါတယ်။

ဒီဥပဒေထဲမှာ သတင်းအချက်အလက် တောင်းဆိုခြင်း မရှိပါကလည်း အစိုးရအနေနဲ့ အချက် အလက်တွေကို ပုံမှန် ဒါမှမဟုတ် အခါအားလျော်စွာ ထုတ်ပြန်ပေးရမယ်လို့ ပါရှိထားပါတယ်။

ထုတ်ပြန်ပေးရမယ်ဆိုရာမှာ အစိုးရဟာ ပြည်သူလူထုတွေ အွန်လိုင်းကနေ သတင်းအချက်အလက် ရယူနိုင်ဖို့ Websiteနဲ့ လူမှုကွန်ရက် မီဒီယာတွေထားရှိကာ စဉ်ဆက်မပြတ် ပြုပြင်မွမ်းမံမှု ( update) လုပ်ဆောင်ပေးခြင်းနဲ့ သတင်းစာရှင်းလင်းပွဲတွေ မကြာခဏလုပ်ပေးခြင်း စတာတွေပါဝင်ပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိသတင်းရယူပိုင်ခွင့်အခြေအနေ

“လက်ရှိမှာ သတင်းရယူပိုင်ခွင့် ပွင့်လင်းမြင်သာမှုခေါင်းစဉ်အောက်ကနေ ပြောရရင် သတင်းတစ်ခုဆိုတာ သတင်းခန်းက (သက်ဆိုင်ရာမီဒီယာက)တော့ အကုန်တာဝန်ယူတယ်။ ဒီတော့ အစိုးရကလည်း သတင်းရယူပိုင်ခွင့်ကို လွတ်လပ်စွာထားပေးသင့်တယ်။ ဒါပေမဲ့ လက်ရှိမှာတော့ ပြည်သူလူထုရဲ့ သတင်းသိပိုင်ခွင့်ကို အလေးမထားသေးဘူး” လို့ မော်လမြိုင်အခြေစိုက် သတင်းသမားတစ်ဦးဖြစ်တဲ့ ကိုမြတ်သွင်ဦးက ဆိုပါတယ်။

ကိုမြတ်သွင်ဦးက ဥပမာအနေနဲ့ ၂၀၁၈ခုနှစ် မှာကျိုးကျ ပျက်စီးခဲ့တဲ့ ဆွာရေကာတာ ဖြစ်ရပ်ကို ထောက်ပြခဲ့ပါတယ်။ ဒီရေကာတာဟာ ၂၀၁၈ ခုနှစ် သြဂုတ်၂၇ ရက်မှာ စိုးရိမ်ဖွယ်ရာ အခြေအနေဖြစ်ပေါ်ခဲ့တာမို့ ဒေသခံတွေက တာဝန်ရှိသူတွေဆီ အကြောင်းကြားခဲ့ပါတယ်။ ဆွာရေကာတာကို သွားရောက်စစ်ဆေးပြီးလို့ စိုးရိမ်ဖွယ်ရာမရှိဆိုပြီး နိုင်ငံပိုင်မီဒီယာကနေ သြဂုတ် ၂၈ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ နောက်တစ်နေ့ သြဂုတ် ၂၉ရက်မှာတော့ ကျိုးကျသွားခဲ့ပြီး ဒီသတင်းအမှားကြောင့် ဒေသခံတွေထိခိုက်နစ်နာခဲ့ရပါတယ်။

ဒါပေမဲ့ ယခု ၂၀၂၀ ပြည့်နှစ်အထိ ဒီကိစ္စနဲ့ပတ်သက်လို့ အစိုးရအဖွဲ့က သူတို့ရဲ့ မှားယွင်းထုတ်ပြန်မှု ကို ပြန်လည်ရှင်းလင်းပေးခြင်း မရှိသေးပါဘူး။

ဒါ့အပြင် လူ ၁၇၄ ဦးသေဆုံးခဲ့ရတဲ့ ဖားကန့်မြေစာပုံ ပြိုကျမှုဖြစ်စဉ်မှာလည်း သတင်းထုတ်ပြန်မှု အနည်းငယ်သာရှိခဲ့ပြီး အဓိကကျတဲ့ တာဝန်ရှိသူတွေ၊ စီမံခန့်ခွဲမှု အလွဲအမှားဖြစ်စဉ်တွေ၊ အရေးယူမှုဆိုင်ရာ ဖြစ်စဉ်တွေကို ယခုထက်အထိ ထုတ်ပြန်မှုမရှိသေးတာကို ကြည့်ရင် မြန်မာနိုင်ငံရဲ့ သတင်းရယူပိုင်ခွင့် လွတ်လပ်မှုဟာ စိုးရိမ်ဖွယ်ရာအခြေအနေမှာ ရှိနေဆဲသာဖြစ်တာမို့ ဥပဒေ၊ နည်းဥပဒေတွေ လွှတ်တော်မှာ ပြဋ္ဌာန်းပြီး ဥပဒေနည်းလမ်းနဲ့ ကာကွယ်ပေးဖို့ အရေးတကြီး လိုအပ်လာနေပြီ ဖြစ်ပါတယ်။

လွှတ်တော်မှာဥပဒေပြဋ္ဌာန်းဖို့ လွယ်ကူနိုင်မလား

လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်အတွက် အကာ အကွယ်ပေးတဲ့ ဥပဒေတွေကိုပြဋ္ဌာန်း ပေးနိုင်မယ့် လွှတ်တော်မှာလည်း သတင်းသမားတွေအတွက် သတင်းရယူဖို့ အခက်အခဲတွေ ရှိနေပြန်ပါသေးတယ်။

ဒီမိုကရေစီဖော်ဆောင်ရေးလုပ်ငန်းစဉ် စတင်ခဲ့တဲ့ သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်လွှတ်တော်နဲ့ NLD အစိုးရလက်ထက်လွှတ်တော်နှစ်ရပ်လုံးမှာ သတင်းရယူခဲ့ဖူးတဲ့ နေပြည်တော်အခြေစိုက် သတင်းထောက် ကိုဉာဏ်လှိုင်လင်းက “ဦးသိန်းစိန်လက်ထက်ကထက် အခု NLD အစိုးရလက်ထက် လွှတ်တော်မှာ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်တွေ ပိုများလာတယ်။ ကြံံ့ခိုင်ရေးကြီးစိုးတဲ့ လွှတ်တော် လက်ထက်မှာ ပြောင်းလဲပြီး တင်းကြပ်ခဲ့တဲ့ဟာတွေ (လွှတ်တော်တွင်း သတင်းရယူခွင့်ဆိုင်ရာ ကန့်သတ်မှုတွေ) ကိုလည်း ခုထိပြန်မပြင်ဘူး။ စည်းမျဉ်းသတ်မှတ်ချက်တွေ ပိုများလာတယ်။ အရင်က တင်းကြပ်လိုက်တဲ့ဟာကို ပြန်လည်ဖြေလျှော့မှုမရှိဘဲ ဆက်လက်သယ်လာတယ် “လို့ပြောပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ခုနှစ်မှာ စတင်ခဲ့တဲ့ လွှတ်တော်ဟာ အစပိုင်းမှာတော့ မီဒီယာတွေကို လွတ်လပ်စွာ ဝင်ထွက်သတင်းယူခွင့်ပြုခဲ့ပေမယ့် ၂၀၁၃ ခုနှစ်မှ စတင်ကာ တင်းကြပ်မှုတွေ စတင်လာတာပါ။ တပ်မတော်သား ကိုယ်စားလှယ်တစ်ဦးက တခြားတယောက်ကိုယ်စားမဲပေးနေတဲ့ ဓာတ်ပုံပေါ်ထွက်လာတဲ့ ကိစ္စနောက်ပိုင်း ၂၀၁၅ ခုနှစ် မေလ ၂၆ ရက်နေ့မှ စတင်ကာ လွှတ်တော်ရှိ မီဒီယာအခန်းမှာသတင်းရယူခွင့်ကို ကန်သတ်ခဲ့ခြင်းဟာ လွှတ်တော်အတွင်း သတင်းလွတ်လပ်စွာ ရယူခွင့်ကို ပိတ်ပင်တဲ့ အထင်ရှားဆုံးဖြစ်ရပ်တစ်ခုပဲ ဖြစ်ပါတယ်။

ဒီကိစ္စအတွက် မြန်မာဂျာနယ်လစ်ကွန်ရက် (MJN) နဲ့ နိုင်ငံခြားသတင်းထောက်များအသင်းတို့က ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းထံ ကန့်ကွက်စာပေးပို့ခဲ့ပေမယ့် ပြန်လည်ပြင်ဆင်ပေးခဲ့ခြင်း မရှိတဲ့အပြင် ယခု NLDပါတီ အစိုးရလက်ထက် လွှတ်တော်အထိ ဆက်လက်ကျင့်သုံးနေခြင်းက သတင်းမီဒီယာသမား တို့အတွက် သတင်းအချက်အလက် ရယူပိုင်ခွင့်ကို ထိန်းချုပ်နေဆဲပင် ဖြစ်ကြောင်း ပြသနေတဲ့ ဥပမာကောင်း တစ်ခုပါပဲ။

MJN အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော်က ဒီလိုလုပ်ဆောင်တဲ့အပေါ် “ဘာကိုစိုးရိမ်နေတာလဲ နားမလည်ဘူး။ ဒါပေမဲ့ တကယ်သာ ပွင့်လင်းမြင်သာတယ်၊ တာဝန်ခံမှုရှိတယ်ဆိုတဲ့ စနစ်ကိုသွားချင်ရင် ဒီကိစ္စဟာ နောက်ဆို မဖြစ်ရအောင် လွှတ်တော်က ပြင်ဆင်ဖို့ပဲလိုတာ”လို့ သုံးသပ်ပြောကြား ခဲ့ဖူးပါတယ်။

လွှတ်တော်သက်တမ်းနှစ်ခု ဘာကွာခြားသလဲ

“အရင်ဦးသိန်းစိန်လက်ထက်လွှတ်တော်က မေးမြန်းလို့ ပိုအဆင်ပြေတယ်”

ဒီစကားကို ပြောခဲ့သူကတော့ Standard Nation သတင်းဌာနမှ မလဝန်းပါ။ သူက “လွှတ်တော်မှာ သတင်းလာယူတဲ့ သတင်းထောက်တွေက သူတို့ပြောချင်တာ သက်သက်ကိုပဲ သတင်းလာယူတာ မဟုတ်ဘူး။ အပြင်မှာ သတင်းမေးရခက်တဲ့ ဝန်ကြီးချုပ်တို့ မြို့တော်ဝန်တို့လို ထိပ်ပိုင်းတာဝန်ရှိသူတွေကိုတွေ့ပြီး လက်ရှိအပြင်က ဖြစ်
ရပ်တွေနဲ့ပတ်သက်ပြီး တစ်ပါတည်းသတင်းမေးဖို့ပါ ရောက်လာကြတာဖြစ်တယ်။ ဦးသိန်းစိန်လက်ထက်က လွှတ်တော်သတင်းလာယူရင်းနဲ့ မေးလို့ရတယ်၊ ဖြေပေးတယ်။ အခုအစိုးရလက်
ထက်ကျတော့ အပြင်မှာ ဖြစ်ရင်ဖြစ်သွားတာပဲရှိတယ်။ သတင်းသမားက ဘာမှမေးလို့မရဘူး”လို့ သူ့ရဲ့ အတွေ့အကြုံကို ပြောပြပါတယ်။

NLDကြီးစိုးတဲ့ လွှတ်တော်သက်တမ်းမှာ လွတ်လပ်စွာ သတင်းရယူပိုင်ခွင့် စနစ်တွေကိုလည်း ပြန်လည် ဖြေလျှော့ခြင်း မရှိရုံမျှသာမက၊ လုံခြုံရေး အကြောင်းပြချက်နဲ့ ဝန်ကြီးချုပ်စတဲ့ ထိပ်ပိုင်း တာဝန်ရှိသူတွေကို လွှတ်တော်တွင်း သီးခြားဝင်ထွက်ပေါက်များ အသုံးပြုစေကာ သတင်းသမားတွေနဲ့ ထိတွေ့မှုမရှိစေဖို့ လုပ် ဆောင်ထားခြင်း၊ မီဒီယာသမားများ အင်တာဗျူးလုပ်မေးခွင့်ရှိတဲ့ နေရာများကို ကန့်သတ်လိုက်ခြင်းတို့ကြောင့် သတင်းရယူခွင့်ကို ပိုမိုကျဉ်းမြောင်းလာစေခဲ့ပါတယ်။

ရန်ကုန်တိုင်းလွှတ်တော်မှာ ပုံမှန်သတင်းရယူ တင်ဆက်နေတဲ့ အလွတ်တန်းသတင်းထောက် မစန္ဒာမော်က “အရင် ဦးသိန်းစိန်လက်ထက်ကတော့ ဒီမိုကရေစီကို စတင်ဖော်ဆောင်တဲ့ အစိုးရဆိုတော့ သူတို့ဘက်က ဘယ်လောက်တောင် ပွင့်လင်းမြင်သာမှုရှိတယ် ဆိုတာကို အများသိအောင် လုပ်ချင်တာရယ် အစကတည်းက မီဒီယာနဲ့ ရင်းနှီးမှုမရှိ သိပ်မရှိတဲ့အစိုးရမို့ သတင်းသမားတွေကို မကိုင်တွယ်တတ်တာရယ်ကြောင့် လွှတ်တော်ထဲမှာသတင်းရယူပိုင်ခွင့်က အခုအစိုးရထက် ပိုလွတ်လပ်မှု ရှိခဲ့တယ်”လို့ ဆိုပါတယ်။

သတင်းမီဒီယာကောင်စီဝင် တစ်ဦးလည်းဖြစ် The Voice ဂျာနယ်ရဲ့ အယ်ဒီတာချုုပ်လည်း ဖြစ်တဲ့ ဦးကျော်မင်းဆွေက “လွှတ်တော်ထဲ ရောက်နေသူ အားလုံးဟာ ပြည်သူရွေးချယ်ထားတဲ့ လူထု ကိုယ်စားလှယ်ဖြစ်တဲ့အတွက် သူတို့တွေ လွှတ်တော်ထဲမှာ ပြောဆို လုပ်ကိုင်သမျှ အပြုအမူ အားလုံးကို ပြည်သူကသိခွင့်ရှိတဲ့အတွက် သတင်းမီဒီယာကို ကန့်သတ်လိုက်တာဟာ ပြည်သူလူထုရဲ့ သတင်းသိပိုင်ခွင့်ကို ကန့်သတ်ရာ ရောက်တာမို့ ဒီမိုကရေစီရဲ့ သဘော သဘာဝနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတယ်” လို့ ဆိုပါတယ်။

လွှတ်တော်အမတ်တွေရဲ့ သဘောထား

ရခိုင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက” အမျိုးသားလွှတ်တော်မှာ news room မရှိဘူး။ သတင်းသမားတွေဟာ Tvကနေကြည့်တာနဲ့ တိုက်ရိုက် live လွှင့်တာကနေပဲ သတင်းကိုးကား ရယူနေရတယ်။ သတင်းရယူပိုင်ခွင့်ဟာ ဒီမိုကရေစီရဲ့ အသက်ဖြစ်တယ်။ လွတ်လပ်စွာသတင်းရယူပိုင်ခွင့် အရွေ့တစ်ခုဖြစ်ဖို့ သတင်းဌာနတွေက တွန်းပြီး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ လွှတ်တော်တွင်း သတင်းရယူတဲ့ သတင်းသမားတွေက ကျယ်ကျယ်လောင်လောင် တောင်းဆိုသင့်တယ်”လို့ ပြောပါတယ်။

ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးညီညီကလည်း မီဒီယာများအနေနဲ့ မိမိတို့ လိုလားတဲ့ လွတ်လပ်စွာ သတင်းရယူခွင့်ဆိုင်ရာ အချက် အလက်တွေကို သက်ဆိုင်ရာလွှတ်တော် ဥက္ကဌအသီးသီးထံ အကြံပြုစာပေးပို့ပြီး အခွင့်အရေး တောင်းခံသင့်တယ်လို့ဆိုပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဘမျိုးသိန်းက“ သတင်းရယူပိုင်ခွင့်ရှိတယ်။ မေးပိုင်ခွင့်ရှိတယ်” သတင်းရယူခွင့် လွတ်လပ်မှုပိုရှိပြီး ပိုကောင်းတဲ့စနစ်တစ်ခု ဖြစ်စေဖို့အတွက် မီဒီယာတွေရဲ့ လိုအပ်ချက်တွေကို ကိုယ်စားပြုအဖွဲ့အစည်း တစ်ခုခုကတစ်ဆင့် လွှတ်တော်ရုံး အဖွဲ့အစည်းကို တင်ပြတောင်းတာမျိုးက ပိုသင့်တော်တယ်လို့ ပြောကြားပါတယ်။

သတင်းသမားတွေက သတင်းလွတ်လပ်စွာရပိုင်ခွင့်အတွက် မလှုပ်ရှားခဲ့ကြဘူးလား

ယခုလို လွှတ်တော်အတွင်းမှာတောင် သတင်းလွတ်လပ်စွာ ရယူခွင့်ဟာ အားရစရာမရှိတာမို့ နိုင်ငံတွင်း မဏ္ဍိုင်လေးရပ်တွေ့ဆုံပွဲတွေ ကြိမ်ဖန်များစွာ လုပ်ခဲ့ကြတာတောင်မှ ဒီပွဲတွေမှာ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်းမီဒီယာကဏ္ဍအတွက် ထည့်သွင်းမဆွေးနွေး ခဲ့ဘူးလားလို့ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။

ဦးကျော်မင်းဆွေက “မဏ္ဍိုင်လေးရပ် တွေ့ဆုံပွဲတွေလုပ်တဲ့အခါမှာ လွှတ်တော်(ပြည်ထောင်စုအဆင့် ၊ ပြည်နယ်/တိုင်း) ပါတယ်။ ကယားတစ်ခုပဲ ကျန်တယ် ဒီပွဲတွေမှာ သတင်းသမားတွေကို လွတ်လပ်စွာ သတင်းဓာတ်ပုံရိုက်ခွင့်၊ မီဒီယာကော်နာ၊ စင်တာတွေ ပေးရမယ်လို့ တစ်စိုက်မတ်မတ်ပြောခဲ့တယ်”လို့ ဆိုပါတယ်။ ကိုဉာဏ်လှိုင်လင်းက “အရင်ကလည်း လွှတ်တော်တွင်း သတင်းလွတ်လပ်စွာ ရပိုင်ခွင့်အတွက် လုပ်ခဲ့ဖူးတယ်။ ဒါပေမဲ့ဗျာ လွှတ်တော် စီမံအုပ်ချုပ်မှု လုပ်တာ စည်းကမ်းသတ်မှတ်တာ ရုံးပိုင်းက ဗျူရိုကရက်တွေ လုပ်တာ၊ တကယ် အက်ရှင်ယူနေတဲ့လူတွေ မဟုတ်တော့ ဒါတွေက သဟဇာတမဖြစ်ဘူး။ မီဒီယာအဖွဲ့အစည်းတွေ ဆိုတာကလည်း ရန်ကုန်မှာ ရုံးထိုင်နေတာ များတယ် လက်တွေ့ မြေပြင်ဆင်းတာ မဟုတ်ဘူး၊ သတင်းတကယ် ယူတာမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ပဲ စကားပြောနေလို့ မရဘူး၊ လက်တွေ့ သတင်းယူနေတဲ့သတင်းထောက်တွေနဲ့ တွေ့ဆုံဆွေးနွေး စေချင်တယ်”လို့ အခက်အခဲကို ပြောပြပါတယ်။

ဒေါ်ထုမေက သတင်းရယူပိုင်ခွင့် လွတ်လပ်မှုကို ပိုမိုဖြစ်စေချင်ပြီး သတင်းအချက်အလက်ကို ဖြန့်ဝေပေးမယ် မီဒီယာ ကိုယ်တိုင်နဲ့ ဒီမိုကရေစီတန်ဖိုးကိုသိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ကိုယ်တိုင် အတူတကွ တိုက်ပွဲဝင်မှသာလျှင် ဒီအခွင့်အရေးကို အပြည့်အဝရရှိနိုင်မှာလို့ ဆိုပါတယ်။

လာမယ့် NLD အစိုးရ သက်တမ်းအတွက် လွတ်လပ်စွာသတင်းရယူပိုင်ခွင့် မျှော်လင့်ချက်

မြန်မာနိုင်ငံဟာလက်ရှိမှာ ဒီမိုကရေစီနိုင်ငံအဖြစ် ရပ်တည်နေတာဖြစ်ပြီး ကိုယ်စားပြုဒီမိုကရေစီ နည်းလမ်းဖြစ်တဲ့ စစ်မှန်တဲ့ ပြည်သူ့ကိုယ်စားလှယ်များ မှတစ်ဆင့် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို ဖော်ဆောင်ကျင့်သုံးနေတာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူ့ကိုယ်စားလှယ်တွေအများစုပါဝင်တဲ့ လွှတ်တော်တွင်းမှာ သတင်းရယူပိုင်ခွင့် လွတ်လပ်ခွင့် ကနေစလို့ နယ်ပယ် ကဏ္ဍပေါင်းစုံမှာ လွတ်လပ်စွာ သတင်းရယူပိုင်ခွင့် ရှိနေဖို့ဟာ စစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံ ဖြစ်စေရေးအတွက် အင်မတန်အရေးပါတဲ့အခြေခံအုတ်မြစ်ပဲ ဖြစ်ပါတယ်။

ဒီအခြေခံအုတ်မြစ် မခိုင်ခံ့သရွေ့ကတော့ အခြားသောကဏ္ဍများ အတွက်လည်း တိုးတက်ဖွံ့ဖြိုးမှုဟာလည်း နှောင့်နှေးနေဦးမှာဖြစ်ပါတယ်။

ဒီအတွက် နောက်လာမယ့် NLDအစိုးရသက်တမ်းမှာ သတင်းရယူပိုင်ခွင့်ဟာ ယခုထက်ပိုပြီး လွတ်လပ်စွာရှိသင့်တာအမှန်ပါပဲ။

“ကျွန်တော်တို့ကတော့ အစိုးရတစ်ခု ပြောင်းလာရင် ပိုပြီးတော့ ထင်သာမြင်သာရှိလာမယ်၊ ပွင့်လင်းလာမယ် access to information ပိုအားကောင်းလာမယ်လို့ အမြဲမျှော်လင့်ခဲ့ကြပေမယ့် အခုကာလအထိကတော့ ကျွန်တော်တို့မျှော်လင့်တဲ့အထိ မရောက်ဘူး ဒါကြောင့်မို့ ဒီအပေါ်မှာ အခြေခံပြီးတော့ လာမယ့်ငါးနှစ်သက်တမ်းမှာလည်း အရမ်းကိုမမျှော်လင့်ရဲဘူး”လို့ သတင်းမီဒီယာကောင်စီဝင် ဦးကျော်စွာမင်းက ပြောပါတယ်။

ယခုလက်ရှိ အနေအထားများကို ကြည့်မယ်ဆိုပါကလည်း NLDရဲ့ ၂၀၁၅ရွေးကောက်ပွဲ ကြေညာစာတမ်း စာမျက်နှာ (၁၉-၂၀) ဆက်သွယ်ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ

– အစိုးရ၏ မဏ္ဍိုင်သုံးရပ် လှုပ်ရှားမှုအခြေအနေများအား ပြည်သူလူထုထံ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ကြေညာပေးမည်။

– ပြည်သူများ၏ နားနှင့်မျက်စိဖြစ်သော သတင်းမီဒီယာများသည် မိမိတို့စောင့်ထိန်းအပ်သော ကျင့်ဝတ်နှင့် ဂုဏ်သိက္ခာများနှင့်အညီ လွတ်လပ်စွာ ရပ်တည်ပိုင်ခွင့်နှင့် သတင်းရယူ ဖော်ပြခွင့်အား ဖော်ဆောင်ပေးမည်။

– ရုပ်သံ/ရေဒီယို အစရှိသော ထုတ်လွှင့်ခြင်းများ မဂ္ဂဇင်း၊ ဂျာနယ်နှင့် သတင်းစာ အစရှိသော ပုံနှိပ်မီဒီယာများနှင့် တယ်လီဖုန်း၊ အင်တာနက် ဝန်ဆောင်မှု လုပ်ငန်းတွင် စျေးကွက်စီးပွားရေးစနစ်အရ လွတ်လပ်ပွင့်လင်းစွာ ပါဝင်ယှဉ်ပြိုင် လုပ်ပိုင်ခွင့်အား ဖော်ဆောင် ပေးမည်။ လို့ပါရှိခဲ့ပါတယ်။

ဒါပေမဲ့ NLDပါတီ ရွေးကောက်ပွဲ အနိုင်ရရှိလာကာ ဒီချုပ်အဖွဲ့ဝင်အများစု ကြီးစိုးတဲ့ လွှတ်တော်သက်တမ်းတစ်ခုကို ကျော်ဖြတ်ပြီးချိန် ၂၀၂၀ NLDရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်း မှာတော့ ကဏ္ဍအသီးသီးအလိုက် ခေါင်းစဉ်စုစုပေါင်း ၁၂ခု ပါလာခဲ့ပြီး ကတိကဝတ်တွေ ထည့်သွင်း ဖော်ပြထားပေမယ့် မီဒီယာဆိုင်ရာ ဆက်သွယ်ရေးဆိုတဲ့ ကဏ္ဍကိုတော့ မထည့်သွင်းဘဲ ချန်လှပ်ထားခဲ့ပါတယ်။

ဒါဟာ လာမယ့် NLD အစိုးရ သက်တမ်းအတွက် လွတ်လပ်စွာ သတင်းရယူပိုင်ခွင့် မျှော်လင့်ချက် အဘယ်မျှ ယိုင်နဲ့နေတယ်ဆိုတာအတွက် ဥပမာကောင်းတစ်ခုပါပဲ။

ဒါနဲ့ပတ်သက်ပြီး “သတင်းအချက်အလက် ရရေး အင်တာနက်ရဖို့အတွက် လွှတ်တော်မှာတောင်းဆို လို့မရလို့ အမတ်တွေကိုယ်တိုင် လမ်းပေါ်ထွက် ဆန္ဒပြခဲ့တာတောင်မှ တစ်နှစ်ကျော်တဲ့အထိလုံးဝ ဂရုမစိုက်ဘူး။ ဒါကြောင့် အစိုးရကနေ သတင်းရယူပိုင်ခွင့် လွတ်လပ်မှုကို အလိုအလျောက် ပေးမယ့် အခြေအနေတော့ မတွေ့ရဘူး”လို့ ဒေါ်ထုမေက သုံးသပ်ပြောကြားပါတယ်။

သတင်းသိပိုင်ခွင့်ဆိုတာ ဒီမိုကရေစီရဲ့ အသက် သွေးကြောလို အရေးကြီးတဲ့အတွက် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများက ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့ ရည်ရွယ်ပြီး ထောင်စုနှစ် ရည်မှန်းချက်ပန်းတိုင်များ ချမှတ်ရာမှာ ပြည်သူ့သတင်း သိပိုင်ခွင့်ကို ထည့်သွင်းခဲ့ခြင်း ဖြစ်ပါတယ်။

ကုလသမဂ္ဂ ထောင်စုနှစ်ရည်မှန်းချက် ပန်းတိုင်ရဲ့ SDG 16.10 က ပြည်တွင်းဥပဒေ ပြဋ္ဌာန်းချက်၊ နိုင်ငံတကာ သဘောတူညီချက်တို့နဲ့အညီ အများပြည်သူတွေ သတင်းအချက်အလက်ကို လက်လှမ်းမီ ရရှိစေနိုင်ရေး၊ အခြေခံကျတဲ့ လွတ်လပ်မှုများကို ကာကွယ်ပေးမှု ဖြစ်ပေါ်သေချာစေရေး ဆိုတဲ့ ပြဌာန်းချက်ဖြစ်တယ်။ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာလည်း အစိုးရက ဒီသတင်းအချက်အလက် သိပိုင်ခွင့်ပါဝင်တဲ့ ကုလသမဂ္ဂ ထောင်စုနှစ် ရည်မှန်းချက်ပန်းတိုင်ကို အကောင်အထည် ဖော်ပါမယ်လို့ ကတိပြုထားပြီး ဖြစ်သလို အကောင်အထည် ဖော်မယ့် စီမံကိန်းများလည်း ရေးဆွဲထားပြီးဖြစ်ပါတယ်။

ဒါပေမဲ့ တကယ့်မြေပြင်မှာ သတင်းသမားတွေ အပါအဝင် ပြည်သူတွေကို သတင်းအချက် အလက်ချပြခြင်းအခြေအနေ အားနည်းနေပြီး သတင်းသမားတွေ သတင်းရယူရာမှာလည်း အစိုးရက ကုလသမဂ္ဂကို ကတိပြုထားတာနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတာမြင်တွေ့နိုင်ပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံဟာ သတင်းလွတ်လပ်ပိုင်ခွင့်နဲပတ်သက်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၁၈ဝမှာ အဆင့် ၁၃၉ မှာပဲ ရှိနေသေးကြောင်း နယ်စည်းမခြားသတင်းသမားများအဖွဲ့ရဲ့ ၂၀၂ဝပြည့်နှစ် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဦးကျော်မင်းဆွေက “ပါတီတစ်ခုဟာ ပြည်သူ့မဲတွေ ဆက်တိုက်အနိုင်ရလာရင် ဒီပါတီဟာ မီဒီယာကိုလည်း ဂရုမစိုက်တော့ဘူး။ နိုင်ငံတကာကိုလည်း ဂရုမစိုက်တော့ဘူး။ ဒါဟာ ဖြစ်တတ်တဲ့ သဘောသဘာဝပဲ” လို့ ဆိုပါတယ်။

အထက်ပါအချက်တွေအပြင် NLD အစိုးရသက်တမ်း လေးနှစ်အတွင်း သတင်းသမား ၆၇ ဦး တရားစွဲခံရတာကလည်း သတင်းလွတ်လပ်ပိုင်ခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တို့ အတွက် ကြီးမားတဲ့ ခြိမ်းခြောက်ခံရမှု ဖြစ်နေပါတယ်။

ဒါကြောင့် အစိုးရက ဒီမိုကရေစီ စံနှုန်းပြည့်ဝစွာ ဆက်လက် အုပ်ချုပ်သွားမှာလား၊ အာဏာရှင်ဆန်ဆန် စီမံမှာလား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လို့လာနေပါပြီ။

ထက်ထက်အောင်