လွှတ်တော် ကိုယ်စားလှယ်သစ်အတွက် နေပြည်တော်နဲ့ လွှတ်တော် မိတ်ဆက်

#ဒေါက်တာသန်းဝင်း

တတိယအကြိမ် လွှတ်တော်အစည်းအဝေးတွေ ၂၀၂၁ ဖေဖဝါရီ မှာ စတင်တော့မှာဖြစ်ပါတယ်။ နေပြည်တော်မှာ ပြည်သူ့လွှတ်တော်/ အမျိုးသားလွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော် (‘လွှတ်တော်’) အစည်းအဝေးတွေ တက်ရောက်ကြမဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် (‘ကိုယ်စားလှယ်’) အသစ်တွေအတွက် နေပြည်တော် နဲ့ လွှတ်တော် မိတ်ဆက်လိုက်ပါတယ်။

ဒုတိယအကြိမ် လွှတ်တော် အတွေ့အကြုံအရ တစ်နှစ်မှာ ကြားရုံးပိတ်ရက် အပါအဝင် ၃၂ ပတ် (၈ လ)လောက် နေပြည်တော်မှာ လွှတ်တော်အစည်းအဝေးရှိနေပြီး အစည်းအဝေးတစ်ကြိမ်ဟာ ၇ ပတ်လောက်ကြာတယ်။ (ပထမအစည်းအဝေးကတော့ ၁၉ ပတ် ကြာခဲ့တယ်)။ အစည်းအဝေးတစ်ခုနဲ့တစ်ခုကြား ရပ်နားချိန် က ၇ ပတ် လောက်ကြာပါတယ်။ ဒါကြောင့် ၅ နှစ်တာ လွှတ်တော်မှာ တစ်နှစ်ကို ပျမ်းမျှ ၈ လလောက် နေပြည်တော်မှာ နေရပါမယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးဟာ နေပြည်တော်က တောင်ညိုလမ်းနဲ့ တော်ဝင်ရတနာလမ်းထောင့်က စည်ပင်ဧည့်ရိပ်သာ (၂) မှာ နေထိုင်ရမှာဖြစ်ပြီး အခြားမှာနေခွင့်မရှိပါဘူး။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တွေက သူတို့ ရုံးချုပ်က အဆောင်မှာနေပြီး အခြားကိုယ်စားလှယ်များကတော့ တစ်ချို့က စည်ပင်ဧည့်ရိပ်သာ တစ်ချို့က အပြင်မှာ နေကြပါတယ်။ စည်ပင်ရိပ်သာမှာ ၈ခန်းတွဲ အဆောင်တွေဖြစ်ပြီး အခန်းက ၁၅ပေ x ပေ၂၀ လောက် ကျယ်တယ်။ တစ်ခန်းကို ကိုယ်စားလှယ်တစ်ယောက်နေရပြီး မိသားစုပါရင်လဲ နေခွင့်ရှိပါတယ်။ ဖော့မွေ့ယာအပါး ခြင်ထောင်၊ စောင်၊ ခေါင်းအုံး နဲ့ ကုတင် ၃ လုံး၊ စားပွဲ ကုလားထိုင် ၂စုံ ပါပြီး ရေချိုးခန်းအိမ်သာ တွဲလျက်ရှိတယ်။ ချက်ပြုတ်ဖို့ နေရာသီးသန့် မပါပါဘူး။ တစ်ရက်ကို တည်းခိုခ ၅၂၅၀ကျပ် ပေးရပြီး လွှတ်တော်အစည်းအဝေး တစ်ခုနဲ့တစ်ခုကြား နားရက်တွေတော့ မပေးရပါ။ နေပြည်တော်က ကားတွေ၊ လူတွေ ကျပ်သိပ်မှု မရှိဘဲ စည်ပင်ရိပ်သာအတွင်းလမ်းတွေရော အပြင်ကနေပြည်တော်လမ်းတွေပါ ကျန်းမာရေးအတွက် မနက်စောစော လမ်းလျှောက်ကြဖို့ အလွန်ကောင်းပါတယ်။

စည်ပင်ရိပ်သာရဲ့ တောင်ဖက် ၁၅ မိနစ်လောက် လမ်းလျှောက်သွားနိုင်တဲ့ ရွှေကြာပင်ဈေးမှာ ဟင်းချက်စရာ ဈေးဝယ်နိုင်ပါတယ်။ ၂ မိုင်အကွာက ပစ္စည်းပိုစုံလင်တဲ့ သပြေကုန်းဈေးကို ကားနဲ့ဆိုရင် ၇ မိနစ်၊ ၄.၇ မိုင်ကွာ နေပြည်တော်ရဲ အဓိက မြို့မဈေး ကို ၁၂ မိနစ် သွားရပါတယ်။ စည်ပင်ရိပ်သာခြံထဲမှာ လဖက်ရည်နဲ့ စားသောက်ဆိုင် ၃ ဆိုင်ရှိပြီး အနောက်ဖက်တဲ့တဲ့ လမ်းမ မှာတော့ စားသောက်ဆိုင်တွေ အမျိုးစုံ တန်းစီရှိပါတယ်။ စျေးဝယ်စင်တာတွေ ဖြစ်တဲ့ ၃.၅ မိုင် ဝေးတဲ့ ဂျန်းရှင်းနေပြည်တော် နဲ့ ကက်ပီတယ်ဟိုက်ပါမတ် တို့က ကားနဲ့ ၁၀ မိနစ်လောက်သွားရပါတယ်။ ကိုဗစ်ကာလမှာတော့ နေပြည်တော်စည်ပင်က ဈေးရောင်းကား ရိပ်သာထဲကို နေ့စဥ် လာရောင်းပါတယ်။ သောက်ရေသန့် ဗူးကြီးတွေကို အဆောင်အရောက် ပို့ဆောင်ရောင်းပေးတာတွေ ရှိပါတယ်။ မနက်စာနဲ့ညစာကို အဆောင်မှာ ချက်စားကြသလို အပြင်ဆိုင်မှာစားလို့လဲ ရပါတယ်။ လွှတ်တော်မှာ ခမ်းနားတဲ့ ထမင်းစားခန်းတွေရှိလို့ နေ့လည်စာကို လွှတ်တော်က ကျွေးတယ်လို့ ထင်လေ့ရှိပါတယ်။ ကိုယ့်အစီအစဥ်နဲ့ စားရတာပါ။ အစည်းအဝေးစတင်ပြီး တစ်နာရီလောက်မှာ လက်ဖက်ရေချိန် နာရီဝက် နားလေ့ရှိပါတယ်။ နေ့လည်စာစားချိန် လွှတ်တော် တစ်နာရီနားရင် လွှတ်တော်တစ်ခုစီမှာ တစ်နေရာစီ နဲ့ ပြည်ထောင်စုလွှတ်တော်မှာ နှစ်နေရာရှိတဲ့ စားသောက်ဆိုင်တွေမှာ လူတိုးနေပြီး နောက်ကျရင်လဲ စားစရာကုန်တတ်ပါတယ်။ ကိုယ်တိုင်ချက်ထည့်လာတဲ့ ထမင်းဘူး ထမင်းချိုင့် ပါရင်တော့ နေ့လည်စာ အသေချာဆုံးပါဘဲ။

လွှတ်တော်က စည်ပင်ရိပ်သာကနေ ၆.၇ မိုင် မှာရှိပြီး ကားနဲ့ ၁၄ မိနစ် သွားရတယ်။ လွှတ်တော်အစည်းအဝေးတွေက နံက် ၁၀နာရီမှာ စတင်ပြီး ၉:၄၅ ထက်နောက်မကျဘဲ ရောက်ရှိလက်မှတ် ထိုးရတယ်။ စည်ပင်ရိပ်သာက လွှတ်တော် အသွားအပြန်ကို ဘတ်စ်ကားငယ်တွေ ယဥ်တန်းနဲ့ ပို့ပေးပြီး နံက် ၈:၃၀ ကားပေါ်အရောက် နေရာယူရတယ်။ ဘတ်စ်ကားခကို တယောက် နေ့စဥ် ၇၀၀ကျပ် (စီးသည် ဖြစ်စေ မစီးသည်ဖြစ်စေ) ချီးမြှင့်ငွေထဲက ဖြတ်ပါတယ်။ ဝင်ခွင့်ကတ် လုပ်ထားတဲ့ ကိုယ်ပိုင်ကားနဲ့ လည်း လွှတ်တော်ကို သွားနိုင်ပါတယ်။ မြို့ထဲသွားလာဖို့တော့ ရိပ်သာအဝင်မှာ ဆိုင်ကယ် နဲ့ ကား တက္ကစီ ဂိတ်ရှိပါတယ်။ ဖြစ်နိုင်ရင်တော့ ကိုယ်ပိုင်ကားရှိသူတွေ နေပြည်တော်ကို ကားယူလာတာ သွားရေးလာရေး ပိုအဆင်ပြေပါတယ်။

လွှတ်တော်အစည်းအဝေး တက်ရင် အမျိုးသားကိုယ်စားလှယ်တွေက ခေါင်းပေါင်းနဲ့ မြန်မာဝတ်စုံ သို့မဟုတ် တိုင်းရင်းသားဝတ်စုံ ဝတ်ဆင်ရပြီး အမျိုးသမီးကိုယ်စားလှယ်တွေက ပုဝါနဲ့မြန်မာဝတ်စုံ သို့မဟုတ် တိုင်းရင်းသားဝတ်စုံ ဝတ်ဆင်ရပါတယ်။ တိုက်ပုံကို ကြယ်သီးအပြည့်တပ်၊ ရင်စေ့ဝတ်ကြပြီး ဘယ်ဖက်ရင်အုံမှာ အပေါ်က လွှတ်တော်ရင်ထိုးနဲ့ အောက်မှာ ဆိုင်ရာပါတီရင်ထိုးတပ်ကြတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အမျိုးသားကိုယ်စားလှယ်တွေ က ပင်နီတိုက်ပုံ နဲ့ ကချင်ပုဆိုး၊ အမျိုးသမီးကိုယ်စားလှယ်တွေက ပင်နီပုဝါ၊ ပင်နီအင်္ကျီ ဝတ်ဆင်တာများပြီး တနင်္လာနေ့ကိုတော့ မပျက်မကွက် ဝတ်ကြတယ်။ ပင်နီတိုက်ပုံ နဲ့ ကချင်ပုဆိုး ကို ပေါ်ပေါ်ထင်ထင် မဝတ်ရဲတဲ့ခေတ်ကို ကျော်ဖြတ်ခဲ့ရတာမို့ စာနဲ့သတ်မှတ်ပြဌာန်းထားတာ မဟုတ်ပေမယ့် ပင်နီတိုက်ပုံကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တိုင်း လေးစားဂုဏ်ယူစွာ နေ့စဥ် ဝတ်ရမယ်လို့ ခံယူပါတယ်။ ခေါင်းပေါင်းအရောင် မသတ်မှတ်ပေမဲ့ ပန်းနုရောင်၊ အဝါနုရောင် နဲ့ ပင်နီခေါင်းပေါင်းတွေ ဝတ်ကြတယ်။ ခေါင်းပေါင်း အခံက ကြိမ်ယက်ထားတာ မဟုတ်ဘဲ ပလတ်စတစ် ဖြစ်နေရင်တော့ တနေ့လုံးဆောင်းထားရမှာ ခေါင်းချွေးထွက်မှာ သတိပြုရပါမယ်။ ညစာစားပွဲတွေကလွဲရင် အနက်ရောင်တိုက်ပုံကိုတော့ လွှတ်တော် ဥက္ကဌ နဲ့ ဒုတိယဥက္ကဌ တွေသာ ဝတ်ဆင်ခွင့်ပြုပါတယ်။

လွှတ်တော်ခြံဝင်းက ရာဇဌာနီလမ်း မှာ အရှေ့မြောက်ဖက်ကို မျက်နှာမူပါတယ်။ ကြိုးတံတားနှစ်ခုရှိပြီး မြောက်ဖက် (လွှတ်တော်ကို မျက်နှာမူရင် ညာဖက်) ဂိတ်က ဝင်ရပါတယ်။ ရှေ့ဆုံးမျက်နှာစာမှာ ဧည့်ကြိုဆောင်ရှိပြီး နောက်ဖက်ကို လျှောက်လမ်းနဲ့ ဆက်သွားရင် ဘယ်ဖက်ကွေ့တဲ့ လျှောက်လမ်းက ပြည်ထောင်စုလွှတ်တော်၊ ညာဖက်က ပြည်သူ့လွှတ်တော် အဆောက်အဦတွေကို ရောက်တယ်။ ပြည်ထောင်စုလွှတ်တော် အဆောက်အဦထဲမှာ ပြည်ထောင်စုလွှတ်တော်ခန်းမကြီး ရှိပြီး စာကြည့်တိုက်စာဖတ်ခန်း၊ ဆေးခန်း နဲ့ စားသောက်ဆိုင် နှစ်ဆိုင်ရှိတယ်။ အပေါ်နှစ်ထပ်မှာ အစည်းအဝေးခန်းမကြီးတွေနဲ့ ရုံးအဖွဲ့တွေရှိပါတယ်။ ပြည်သူ့လွှတ်တော် အဆောက်အဦ မှာ ပြည်သူ့လွှတ်တော်ခန်းမကြီးရှိတယ်။ ပြည်ထောင်စုလွှတ်တော်နာယက ရုံးခန်းနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌ ရုံးခန်းတွေက ဆိုင်ရာလွှတ်တော်တွေရဲ့ မြေညီထပ်မှာ ရှိပါတယ်။ လွှတ်တော်ခန်းမတွေမှာ သတ်မှတ်ထားတဲ့ ခုံနေရာတွေမှာ တိုင်းနဲ့ပြည်နယ် အက္ခရာစဥ်အလိုက် ထိုင်ရပါတယ်။ ရေးရာကော်မတီ ဥက္ကဌတွေနဲ့ အတွင်းရေးမှူးတွေကို ရှေ့တန်းမှာ နေရာချပါတယ်။ မေးခွန်းလာရောက်ဖြေဆိုတဲ့ အစီရင်ခံစာလာတင်တဲ့ ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးတွေနဲ့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်တွေကို ရှေ့မှာ နေရာပေးပါတယ်။ (ကိုဗစ်ကာလမှာတော့ လွှတ်တော်ခန်းမတွေထဲ ထိုင်ခုံတွေကို တစ်ခုံခြား ချဲထားပြီး အပေါ်ထပ် ဧည့်ထိုင်ခုံတွေအထိ နေရာချထားပေးပါတယ်။ လွှတ်တော်အစည်းအဝေး လာရောက်လေ့လာမှုတွေလဲ ရပ်နားထားပါတယ်)။

ဧည့်ကြိုဆောင်က လျှောက်လမ်းနဲ့ တည့်တည့်ဆက်သွားရင်တော့ အခမ်းအနားကြီးတွေကျင်းပရာ၊ နိုင်ငံတော်အဆင့် ညစာစားပွဲတွေ ကျင်းပရာ ထမင်းစားခန်းမ Banquet Hall အဆောက်အဦ ရှိပြီး ဘယ်ဖက်မှာ ဇမ္ဗူသီရိခန်းမ နဲ့ ညာဖက်မှာ သဘင်ဆောင်တွေ ရှိပါတယ်။ ဇမ္ဗူသီရိခန်းမ မြေညီထပ်မှာ ဧည့်ခန်းမကြီး နဲ့ အစည်းအဝေးခန်းကြီး၊ စုဝေးခန်းမကြီး တွေရှိတယ်။ အပေါ်ထပ်မှာ လွှတ်တော်စာကြည့်တိုက်၊ စုဝေးခန်း နဲ့ အစည်းအဝေးခန်းငယ်တွေ ရှိတယ်။ သဘင်ဆောင်မှာတော့ ကဇတ်ရုံကြီး တစ်ခုရဲ့ အင်္ဂါရပ် အပြည့်အစုံပါဝင်ပြီး အခန်းအနားကြီးတွေ၊ ရှင်းလင်းဟောပြောပွဲတွေ လုပ်ပါတယ်။ အမျိုးသားလွှတ်တော် အဆောက်အဦ က နောက်ဖက်မှာ သီးခြားရှိပြီး မြေညီထပ်မှာ အမျိုးသားလွှတ်တော်ခန်းမကြီး၊ ဥက္ကဌရုံးခန်း နဲ့ အမျိုးသားလွှတ်တော်စာကြည့်တိုက်၊ ဟောပြောဆွေးနွေးပွဲတွေ လုပ်လေ့ရှိတဲ့ ထမင်းစားခန်းမ၊ စားသောက်ဆိုင်၊ ဆေးခန်းတွေရှိတယ်။ ပထမထပ်မှာ ဧည့်ခန်းမကြီး နဲ့ ရုံးအဖွဲ့တွေ ရှိပါတယ်။

အမျိုးသားလွှတ်တော်ရဲ့ အနောက်တောင်ဖက်မှာ ရေးရာဆောင်လို့ခေါ်တဲ့ နှစ်ထပ်လုံးချင်း အဆောက်အဦ (၂၀) ရှိပြီး ပြည် သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ရဲ့ ရေးရာကော်မတီရုံးတွေ ရှိပါတယ်။ လွှတ်တော်အစည်းအဝေး ပြီးချိန်တွေမှာ ကော်မတီလုပ်ငန်းတွေ ကော်မတီအစည်းအဝေးတွေကို သက်ဆိုင်ရာ ကော်မတီရုံးတွေမှာ ဆက်ထိုင်ကြပါတယ်။ လွှတ်တော်ခန်းမတွေနဲ့ ရေးရာကော်မတီရုံးတွေ ကူးသန်းသွားလာရတာ နေအရမ်းပူချိန် မိုးရွာချိန်တွေမှာ အတော်ပင်ပန်းပါတယ်။ ရုံးပိတ်ရက်တွေ နေရပ်အသွားအပြန်အတွက် ပျဥ်းမနား ဘောဂကားကြီးကွင်း က နေပြည်တော်မြို့မဈေးကားကြီးကွင်း သွားတဲ့ ကားတွေကို စည်ပင်ရိပ်သာရှေ့ တောင်ညိုလမ်းပေါ်က တက်လိုက်လို့ရပါတယ်။ လက်မှတ်ကိုတော့ ကားဂိတ်ထိမသွားဘဲ အွန်လိုင်း ငွေပေး အက်ပလီကေးရှင်း တစ်ခုခုနဲ့ ဝယ်ပြီး စည်ပင်ရိပ်သာက တက်လိုက်ဖို့ ဂိတ်ကို ဖုံးဆက်ထားနိုင်ပါတယ်။

လွှတ်တော်မှာ တင်မဲ့ ဥပဒေကြမ်းတွေ၊ လွှတ်တော်အစည်းအဝေးမှတ်တမ်းစာအုပ်တွေ hard copy ပုံနှိပ်အသွင်နဲ့ ဖြန့်ဝေပြီး ၂၀၁၉ လောက်ကစလို့ ဒစ်ဂျစ်တယ် soft copy အဖြစ် အင်တာနက်က ဖြန့်ဝေပေးလို့ စာရွက်တွေ ရှုပ်စရာ၊ သိမ်းစရာ မလိုတော့ပါဘူး။ လွှတ်တော် ဝက်ဘ်ဆိုက် တွေမှာလဲ ပြီးခဲ့တဲ့ လွှတ်တော်မှတ်တမ်းတွေ ဥပဒေတွေ ပြည့်စုံစွာ တင်ထားပြီးဖြစ်ပါတယ်။ ကွန်ပျူတာ၊ အင်တာနက် သုံးစွဲမှုနဲ့ သိပ်အကျွမ်းတဝင် မရှိသေးတဲ့ ကိုယ်စားလှယ်တွေ အဖို့ ကြိုတင်လေ့လာ လေ့ကျင့်ခဲ့ဖို့တော့ လိုအပ်ပါတယ်။ အမျိုးသားလွှတ်တော်ကတော့ ကိုယ်စားလှယ်တွေကို ဒုတိယအကြိမ်လွှတ်တော်မှာ လက်ပ်တော့ပ်ကွန်ပျူတာ တစ်လုံးစီ ငှားရမ်းထုတ်ပေးခဲ့ပါတယ်။ ကိုယ်ပိုင်ပါခဲ့ရင်တော့ အဆင်ပြေပါတယ်။ လွှတ်တော်တွင်းမှာ အင်တာနက်ကို အခမဲ့သုံးစွဲနိုင်ပြီး စည်ပင်ရိပ်သာမှာတော့ အင်တာနက် router တွေတပ်ဆင်ထားပေမဲ့ ငွေပေးကတ်နဲ့ ဝယ်ယူသုံးစွဲရပါတယ်။ နေပြည်တော်က တစ်နေရာနဲ့ တစ်နေရာ အလှမ်းဝေးပြီး ဝန်ကြီးဌာနတွေ၊ ပြင်ပအခမ်းအနားတွေ ဆွေးနွေးပွဲတွေ ကျင်းပရာ ဟိုတယ်တွေ စသည်ကို ရှာဖွေသွားလာနိုင်ဖို့ ဂူဂဲလ်မြေပုံ google map, google earth တွေကို အသုံးချတတ်ရင် အထောက်အကူ ရပါတယ်။

(ကိုဗစ်ကာလ မတိုင်မီက) ဝန်ကြီးဌာနတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ က နေပြည်တော် ဟိုတယ်ခန်းမတွေမှာ ကျင်းပတဲ့ ဟောပြောဆွေးနွေးပွဲတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေကို ဆိုင်ရာရေးရာကော်မတီအလိုက် ဖိတ်ကြားလေ့ရှိပြီး ကိုယ်စားလှယ်အများစု ဖိတ်တဲ့ပွဲတွေမှာ စည်ပင်ရိပ်သာအထိ ကြိုဆိုပို့ဆောင်ပေးလေ့ရှိပါတယ်။ နေပြည်တော် မြို့တော်ခန်းမမှာ ကျင်းပတဲ့ ပြည်ထောင်စုနေ့ ညစာစားပွဲကို ကိုယ်စားလှယ်အားလုံး တက်ရောက်ရပါတယ်။ နိုင်ငံခြားသံရုံးတွေ၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေကလည်း ဆိုင်ရာနိုင်ငံတွေရဲ့ အထိမ်းအမှတ်ဧည့်ခံပွဲတွေကို ဖိတ်ကြားလေ့ရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ ညစာစားပွဲတွေ၊ ဧည့်ခံပွဲတွေ တက်ရောက်ရင် formal dress တိုက်ပုံ အနက်ရောင် ဝတ်ကြပါတယ်။

နေပြည်တော် ရာသီဥတုက နွေမှာ အပူချိန်ပြင်းပြီး ဆောင်းတွင်းမှာလဲ အအေးလွန်ကဲကာ မိုးတွင်းမှာလဲ မိုးများတတ်ပါတယ်။ အခြားမြို့ကြီးတွေနဲ့စာရင် လေကောင်းလေသန့် ကောင်းကောင်းရပြီး ယဥ်ကြောကျပ်တည်းမှုလဲ မရှိသလောက်ပါဘဲ။ ရုံးပိတ်ရက်တွေမှာ အနီးအပါး ခရီးသွားစရာနေရာတွေ ရှိပြီး ကုန်ဈေးနှုန်းကလဲ မြို့ကြီးတွေထက် သက်သာပါတယ်။ ဝေးလံတဲ့ဒေသတွေက ကိုယ်စားလှယ်တစ်ချို့ကတော့ မိသားစုပါ ပါလာပြီး ကလေးတွေ နေပြည်တော်မှာဘဲ ကျောင်းတက်ကြပါတယ်။ ဒုတိယအိမ်အဖြစ် နေထိုင်ကာ ငါးနှစ်တာအတူ ခရီးဆက်ကြမည့် ကိုယ်စားလှယ် အသစ်တွေနဲ့ နေပြည်တော်မှာ ဆုံကြပါမယ်။

#ဒေါက်တာသန်းဝင်း