ကိုဗစ်ကာလ နယ်စပ်ကုန်သွယ်ရေး အဆင်မပြေမှု ဂယက်များ

ဇော်အောင်ခန့်

မြန်မာနိုင်ငံကို ကိုဗစ်ဝင်လာတဲ့ အချိန်ကာလကနေပြီး အခုချိန်ထိ ဖြေရှင်းလို့ မပြီးနိုင်သေးတဲ့ ပြဿတွေထဲမှာ နယ်စပ်ကုန်သွယ်ရေး ပြဿနာတွေကလည်း တစ်ခုအပါအဝင်ပါ။

ဒေသတွင်း အင်အားကြီးတဲ့ နိုင်ငံတွေနဲ့ အိမ်နီးခြင်းဖြစ်ရတာကြောင့် မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုကဏ္ဍမှာ နယ်စပ် ကုန်သွယ်မှုကဏ္ဍတွေကို အားထားရပါတယ်။

ကိုဗစ်ဗိုင်းရပ် ဖြစ်ပွားတဲ့အချိန်မှာတော့ နယ်စပ်ကုန်သွယ်မှုတွေမှာ ပုံမှန်မဟုတ်တဲ့ လုပ်ထုံးလုပ်နည်းတွေပါဝင် လာရပါတယ်။ အဲဒီလို အခက်အခဲတွေရဲ့ ဒဏ်ကို ခံရတာက မြန်မာနိုင်ငံဘက်က ကုန်သည်တွေပါပဲ။ တစ်ဖက် နိုင်ငံတွေက ဝယ်လိုအားကို ထိန်းချုပ်ထားနိုင်တဲ့ အခါမျိုးမှာ ရောင်းထုတ်ချင်တဲ့ ကုန်သည်တွေအတွက် နစ်နာ လာရတာက ဓမ္မတာလိုဖြစ်နေရတာပါ။

နယ်စပ်ကုန်သွယ်မှုတွေထဲမှာ အကြီးမားဆုံး အခက်တွေ့နေရတာက တရုတ်နိုင်ငံဘက်ကို ကုန်သွယ်ရတာပါပဲ။ တစ်ဖက်နိုင်ငံက ကိုဗစ်အကြောင်းပြပြီး ပိတ်ဆို့မှုတွေ လုပ်လာတာတွေက ကုန်သည်တွေအဖို့ ဆုံးရှုံးမှုတွေ ကြီး ကြီးမားမားကို ခံစားရတော့တာပါပဲ။ အခုလည်း ယာဉ်ကြောပိတ်ဆို့တာတွေနဲ့ ကြုံနေရတဲ့ မူဆယ်-ရွှေလီ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်က ဂိတ်ကို ဖွင့်ပေးဖို့အရေး ညှိုနှိုင်းမှုတွေလုပ်ဆောင်နေရဆဲပါ။

အဓိကအနေနဲ့ မန့်ဝိန်းဂိတ်ကို ၁၀ ရက်လောက် အချိန်ပြည့်ဖွင့်ပေးထားနိုင်ဖို့အရေးနဲ့ ကျင်စန်းကျော့ဂိတ်ကို လက်ရှိဖွင့်ပေးထားတဲ့အချိန်တွေထက် တိုးမြင့်ပြီး ဖွင့်ပေးဖို့အရေး မြန်မာကုန်သည်တွေက တောင်းဆိုထားတာ ပါ။

အဲဒီတောင်းဆိုချက်တွေကို လိုက်လျောပေးနိုင်ဖို့အတွက်ကိုလည်း အစိုးရဘက်က တာဝန်ရှိသူတွေနဲ့ တရုတ်နိုင်ငံဘက်က ဒေသခံအစိုးရတာဝန်ရှိသူတွေအကြား ညှိုနှိုင်းမှုတွေလုပ်ဆောင်နေကြတယ်လို့ ဆိုထား ပါတယ်။

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရသူတစ်ဦးဖြစ်တဲ့ ဦးခင်မောင်လွင်ကတော့ တရုတ်နိုင် ငံ တယ်ဟုန်ပြည်နယ်ခွဲ ပြည်ပရေးရာဌာနက တာဝန်ရှီသူတွေအနေနဲ့ မြန်မာဘက်က အစိုးရအဖွဲ့ဝင်တွေနဲ့ ကုန်သည်အသင်းအဖွဲ့တွေရဲ့ တင်ပြထားတဲ့ နယ်စပ်ဂိတ် တိုးမြင့်ဖွင့်လစ်ရေး အချက်တွေကို ယူနန်အစိုးရဆီမှာ တင်ပြပြီး ခွင့်ပြုချက်ရအောင်လုပ်ဆောင်ပေးမယ်လို့ ပြောထားပါတယ်။

နောက်အချက်တစ်ခုအနေနဲ့ကလည်း အစားထိုးယာဉ်မောင်းကိစ္စပါ။ ဒီအချက်ကိုလည်း ညှိုနှိုင်းဆွေးနွေတဲ့အထဲ ထည့်သွင်းထားရပါသေးတယ်။
မြန်မာဘက်ကနေ တရုတ်ကိုတင်ပို့ဖို့ရာအတွက် လမ်းကြောင်းများစွာရှိပါတယ်။ အဲဒီလို လမ်းကြောင်းအများအ ပြားကနေ တင်ပို့နေတဲ့ ကုန်သွယ်မှုပမဏာကို တွက်ကြည့်မယ်ဆိုရင် တစ်ရက်ကို အမေရိကန်ဒေါ်လာ ၁၅ သန်း အထိကို ရှိနေတာပါ။

ဒီလိုအခြေအနေတခုမှာ တရုတ်နိုင်ငံဘက်ကနေ ကမောက်ကမလုပ်ခဲ့ရင် ဆုံးရှုံးနစ်နာမှုကြီးမားနေရတာက မြန်မာ ကုန်သည်တွေပါပဲ။ ကိုဗစ်ကာလအခက်အခဲတွေကြောင့် ကုန်စည်ပို့ဆောင်မှုတွေက ရပ်တန့်သွားခဲ့ရတဲ့ အခိုက်အတန့်တွေရှိပါ တယ်။ အဲဒီအကျိုးဆက်တွေကို ကိန်းဂဏန်းတွေက ဖော်ပြနေတာပါ။ မူဆယ်-ရွှေလီ နယ်စပ်ကုန်သွယ်ရေး တန်ဖိုးက ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်နဲ့ ကာလတူ နှစ်လအတွင်းချိန်ကြည့်ခဲ့မယ်ဆိုရင် ကန်ဒေါ်လာသန်း ၃၃၀ အောက် ကို လျော့ကျသွားတာ တွေ့ရမှာပါ။

တာဝန်ရှိတဲ့သူတွေအနေနဲ့က ကျင်စန်းကျော့ဂိတ်နဲ့ မန့်ဝိန်းအတွက်ကို ပုံမှန်အတိုင်းဖွင့်ပေးဖို့ပဲ တောင်းဆိုနေရ ပေမယ့် နောက်ထပ် အရေးပါတဲ့ဂိတ်တွေလည်းရှိပါသေးတယ်။ အဲဒီဂိတ်တွေကိုလည်း အခုပိတ်ထားတာပါ။

ပန်ဆန်း၊ဝိမ်တိန်ဂိတ်တွေကို ပြီးခဲ့တဲ့ နှစ်အစ တရုတ်ပြည်မှာကိုဗစ်ဖြစ်ကောင်းချိန်ကတည်းက ပိတ်ထားခဲ့ တာပါ။ ကျင်စန်းကျော့ဂိတ်ကတော့ အဓိကအနေနဲ့ ဖရဲ၊ သခွားတွေကို ကားတွေနဲ့ တင်ပို့ပါတယ်။ မန့်ဝိန်းဂိတ် မှာကတော့ ဆန်၊ ပြောင်း၊ ပဲမျိုးစုံကို အဓိက ကုန်သွယ်နေတာပါ။ နောက်ထပ်လယ်ယာထွက်ကုန်ပစ္စည်းတွေနဲ့ အခြားကုန်စည်တွေလည်း တင်ပို့ပါတယ်။ လက်ရှိအချိန်မှာက အဲဒီဂိတ်တွေကို ပိတ်ထားလို့ အခက်တွေ့နေကြ ရတာပါပဲ။”ဆန်တို့ ပြောင်းတို့က တော်သေးတယ်။ အသီးကုန်ကားတွေက တော်တော်လေး ဒုက္ခရောက်ရတယ်။ ပိတ်ထားတဲ့ ရက်ကြာသွားရင် အဲဒီအသီးတွေကို လမ်းပေါ်မှာတင် စွန့်ပစ်ခဲ့ရတာ အများကြီးပဲ။ ကုန်သည်တွေ ကလည်း သူတို့ရှုံးတဲ့အခါနဲ့ကြုံလိုက်ရင် နောက်အခေါက်မှာ အဲဒီအသီးမယူဘဲနေလိုက်ရင် တောင်သူတွေလဲ အခက်ကြုံတာပဲ။ လမ်းဘေးမှာ ဒီအတိုင်းပစ်ထားရတာတွေ အများကြီးမှ အများကြီးပါ။ ညှိုနှိုင်းတာ အဆင်ပြေ ဖို့ပဲ ဆုတောင်းနေပါတယ်” လို့ ကုန်သည်တစ်ဦးက မှတ်ချက်ပေးပါတယ်။

ဒါတွေက တရုတ်ဘက်နဲ့ ကုန်သွယ်မှုမှာ အခက်တွေ့ရတာပါ။ နောက်ထက် နယ်စပ်ဖြစ်တဲ့ မြဝတီမှာလည်း ကုန်သည်လုပ်နေတဲ့ သူတွေအဖို့ ထိုင်းဘက်က ညစ်တာကြောင့် အလူးအလဲခံနေရပါသေးတယ်။

ထိုင်းဘက်ကို ပြောင်း၊ ဆန် ကုန်ကူးတဲ့သူတွေအဖို့ အဆင်ပြေနေမယ်လို့ ထင်နေရင် မှားနေပြီလို့သာ မှတ်ပါလို့ ကုန်သည်တစ်ဦးကပြောပါတယ်။
“ဒီတစ်ခေါက်ထိတာက ကရင်တိုင်းရင်းသား ကုန်သည်တွေများပါတယ်။ တိုင်းရင်းသားတွေဆိုတော့ မြန်မာကုန် သည်တွေလောက် ခံရတာကို မီဒီယာကနေ မပြောတော့ မသိလိုက်ကျတာ။ ဟိုဘက်က ဘဏ်စာရင်းတွေ ပိတ် လိုက်တာ ဒီဘက်က ကုန်သည်တွေကျပ်သိန်း ထောင်နဲ့ သောင်းနဲ့ ချီပြီး နစ်နာခဲ့ကြတာ။ အခုတော့ ညှိနေကြတယ်လို့ ကြားပါတယ်” လို့ သူကဆိုတာပါ။

ထိုင်းဘက်မှ အပ်ထားတဲ့ ကုန်သည်တွေရဲ့ ပိုက်ဆံတွေကို ထိုင်းဘဏ်တွေက တရားမဝင်ဆိုတဲ့ လမ်းကြောင်း ပြပြီးတော့ ဘဏ်အကောင့်တွေ ပိတ်လိုက်တာပါ။

ကျပ်သိန်းပေါင်းသောင်းနဲ့ ချီပြီး ဆုံးရှုံးနစ်နာမှုတွေကြောင့် လက်ရှိအချိန်မှာ နှစ်နိုင်ငံ တာဝန်ရှိတဲ့သူတွေအကြား ဆွေးနွေးမှုတွေ လုပ်နေတာရှိတယ်လို့ ကုန်သည်တွေဆီက ကြားရပါတယ်။

ဒီလိုပဲ အိန္ဒိယဘက်ကို ကုန်သွယ်နေတဲ့ လမ်းကြောင်းမှာလည်း ကိုဗစ်အတားအဆီးတွေနဲ့ အခက်ကြုံနေရပါ တယ်။ အစိုးရဘက်ကတော့ စီးပွားရေး သံတမန်တွေကို အချိန်မီခန့်ထားနိုင်တဲ့အတွက် အဆင်ပြေလာနိုင်မယ်လို့တော့ စီးပွားရေးကျွမ်းကျင်သူတွေက မှတ်ချက်ပြုထားတာရှိပါတယ်။

လက်တွေ့မှာတော့ ညှိုနှိုင်းအဖြေရှာမှုတွေက ရေတိုအတွက်မဟုတ်ဘဲ ရေရှည်အတွက်ပါ ရည်ရွယ်ပြီးလုပ်ဆောင် ပေးနိုင်ဖို့ လိုအပ်တယ်လို့တော့ စီးပွားရေးပညာရှင်အချို့က မှတ်ချက်ပြုထားပါကြောင်း ပြောရင် ဆောင်းပါးကို အဆုံးသတ်လိုက်ပါတယ်။