COVOD-19 ရောဂါကြောင့် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်တွင် တာ့ခရိုင်အုပ်ချုပ်ရေးမှူးမှ တားမြစ်ချက်များထုတ်ပြန်

မဲဆောက် ၊ ဇန်နဝါရီ ၁

မဲဆောက်မြို့နယ်အပါအဝင် တာ့ခ်ခရိုင် (၉) မြို့နယ်အတွင်း မြန်မာအလုပ်သမားများ အပါ အဝင် မှီတင်းနေထိုင်းကြသူများအားလုံး ကိုဗစ် ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် တာ့ခ်ခရိုင်အုပ်ချုပ်ရေးမှူးမှထုတ်ပြန်ထားသည့် ကန့်သတ်ချက်များကို လိုက်နာခြင်းမရှိပါက ထောင်ဒဏ်နှင့်ငွေဒဏ်ပါ ကျခံရမည်ဖြစ်သည်။

သို့ဖြစ်၍ ဒေသတွင်း အလုပ်လုပ်ကိုင်နေကြသည့်မြန်မာရွှေ့ပြောင်းအလုပ်သမားများ အထူးသတိထား၍ သွားလာနေထိုင်ကြရမည်ဟု မြန်မာအလုပ်သမားများအရေး ဆောင်ရွက်နေသူ တစ်ဦးက ပြောသည်။

မဲဆောက်အပါအဝင် တာ့ခ်ခရိုင်အတွင်းရှိ (၉) မြို့နယ်၌ မြန်မာရွှေ့ပြောင်းအလုပ်သမား (၂) သိန်းကျော်ရှိနေသဖြင့် မြန်မာအလုပ်သမားများအထူးသတိထားကြရမည် ဖြစ်ကြောင်း ထိုင်းအခြေစိုက် မြန်မာအလုပ်သမားအရေး ကူညီပေးနေသူတစ်ဦးက ပြောသည်။

ကန့်သတ်ချက်များထဲတွင် မည့်သည့်ဘာသာမဆို ဘုရားရှိခိုးခြင်းနှင့် ဝတ်ပြုဆုတောင်းခြင်းများကို လူဦးရေ (၂ဝ) ထက်ပို၍ ဆောင်ရွက်ခွင့်မရသလို စားသောက်ဆိုင်များတွင်လည်း ဆိုင်ထိုင်စားခွင့်မရှိဘဲ ပါဆယ်ဖြင့်သာ ဝယ်ယူရမည်ဖြစ်ပြီးအခြား ကန့်သတ်ချက်များကိုလည်း ထုတ်ပြန်ထားကြောင်းသိရသည်။

“ထိုင်းမှာက မဟာချိုင်ဘက်ကနေပြီး မြန်မာအလုပ်သမားအများဆုံး ကိုဗစ်ရောဂါကူးစက်မှုများလာရာကနေ အခုမဲဆောက်မှာလည်း ရောဂါ ကူးစက်ခံရသူ ၁၅ ဦးခန့်တွေ့ရှိလာတယ်၊ ဒါကိုကူးစက်မှုပိုများလာမှုမရှိအောင် အမိန့်နဲ့စည်းကမ်းချက်တွေ ထုတ်ပြန်တာဖြစ်တယ်။ ထိုင်းအစိုးရက ဒီဇင်ဘာ ၂၉ ရက်ကစပြီး မြန်မာအလုပ်သမားတွေကို ကိုဗစ်ရောဂါ ကူးစက်မှုရှိ/မရှိစစ်အခမဲ့ စစ်ဆေးပေးနေပါတယ်၊ ထိုင်းမှာကထုတ်ပြန်တဲ့ အမိန့်ညွှန်ကြားချက်တွေကို မလိုက် နာရင် တကယ်အရေးယူတာမို့ မြန်မာအလုပ်သ
မားတွေ အထူးသတိထားကြရမယ်”ဟု မဲဆောက်အခြေစိုက် အလုပ်သမားအရေးဆောင်ရွက်နေသူ မြန်မာတစ်ဦးက ပြောသည်။

ထုတ်ပြန်ချက်အပြည့်အစုံမှာ

၁။ Taxi ယာဉ်လိုင်းများ အကုန်လုံး ရပ်နားရန်။

၂။ လူဦးရေ ၂ဝ ထက်ပိုသော မည်သည့်ကျင်းပမှုမျိုးမဆို မပြုလုပ်ကြရန်။

၃။ စားသောက်ဆိုင်များတွင် ဆိုင်ထိုင်စားသောက်ခြင်းမပြုဘဲ ပါဆယ်ဝယ်ယူစားသောက်ရန်။

၄။ အလုပ်ရုံ၊ စျေး၊ ကုန်တိုက်နှင့် အရောင်းဆိုင်များတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောရောဂါကာကွယ်မှု စည်းကမ်းများနှင့်အညီ လိုက်နာကျင့်သုံးရန်။

၅။ အောက်ပါနေရာများအားယာယီနားထားရပါမည်။

– ရုပ်ရှင်ရုံ၊ ဇာတ်ရုံတို့နှင့် အလားတူရုံများ။

– နိုက်ကလပ်၊ ဘား၊ KTV များနှင့် အလားတူလုပ်ငန်းများ။

– ဘိလိယတ်ခုံ၊ တင်းနစ်ကွင်း၊ ဖူဆယ်ကွင်းများ။

– ဂိမ်းဆိုင်၊ အင်တာနက်ဆိုင်များ၊ ကာရာအိုကေဆိုင်များ။

– ရေကူးကန်များ။

– ကြက်တိုက်ရုံများ။

– ပြတိုက်နှင့် စည်းဝေးခန်းမများ။

– လက်ဝှေ့ရုံနှင့် ကိုယ်ခံပညာကျောင်းများ။

– အကသင်တန်းများ၊ ကိုယ်ခန္ဓာပေါင်းတင် လုပ်ငန်းများ။

– ကျန်းမာရေးကောင်းရန် လေ့ကျင့်သည့် လုပ်ငန်းများ။

– အကြောနှိပ်နယ်ခြင်း လုပ်ငန်းများစသည်တို့ဖြစ်ပြီး အထက်ပါအချက်လက်များကို ချိုးဖောက်ပါက ဒဏ်ငွေဘတ် (၄ဝဝဝဝ) လေးသောင်း သို့မဟုတ် ထောင်ဒဏ် ၂ နှစ် သို့မဟုတ် နှစ်မျိုးစလုံးအရေးယူခံရမည်ဟု အမိန့်ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ဝင်းဇော်( မြဝတီ )