ရွေးကောက်ပွဲတွင် စေတနာပါပါထမ်းဆောင်ခဲ့သည့် ဆရာ၊ ဆရာမများကို တရားစွဲဆိုခြင်း မလုပ်သင့်ဟုဆို

ရန်ကုန် ၊ ဇန်နဝါရီ ၉

ရွေးကောက်ပွဲတွင် နိုင်ငံတော်၏ ကြီးလေးသည့်တာ၀န်ကို စေတနာပါပါ ထမ်းဆောင်ခဲ့သည့် ဆရာ၊ ဆရာမများကို တရားစွဲဆိုခြင်း မလုပ်သင့်ကြောင်း နိုင်ငံတော်သမ္မတရုံး သတင်းစာရှင်းလင်းပွဲတွင် ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

“နိုင်ငံတော်ကပေးအပ်သည့် အရေးကြီးသည့်တာ၀န်ကို စေတနာပါပါနှင့် လုပ်သည့် ဆရာ၊ ဆရာမများကို တရားစွဲဆိုတဲ့ကိစ္စက မလုပ်သင့်ဘူးလို့မြင်တယ်။ သူတို့နေရာကနေ စာနာကြည့်ပေါ့ဗျာ။ အစိုးရအနေဖြင့် အပင်ပန်းခံလုပ်ပေးသည့် ဆရာ၊ ဆရာမများကို အတတ်နိုင်ဆုံးကူညီဖို့ ပညာရေး၀န်ကြီးဌာနကို ပြောကြားထားပါတယ်။ နောက်တစ်ခုက နိုင်ငံရေးပါတီတွေအနေနဲ့လည်း ဆရာ၊ ဆရာမတွေကို တမင်သက်သက် စွပ်စွဲပြီး မလုပ်သင့်ဘူး။ ” ဟုညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နောက် တိုင်း/ပြည်နယ် ရွေးကောက်ပွဲ ဥပဒေတွေမှာ ပုဒ်မ ၈၇ မှာ တရား၀င် အပ်နှင်းထားသော လုပ်ပိုင်ခွင့်အရ ဥပဒေနှင့်အညီ မိမိတာ၀န်ကို သဘောရိုးဖြင့် စွမ်းဆောင်နိုင်သမျှ ထမ်းဆောင်သော ကော်မရှင်၊ ကော်မရှင်အဖွဲ့၀င်များ၊ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်နှင့် ယင်းတို့၏ အဖွဲ့၀င်များ၊ ရွေးကောက်ပွဲ ခုံအဖွဲ့နှင့် ရွေးကောက်ပွဲ ခုံအဖွဲ့၀င်များ၊ မဲရုံမှူးများအပါအ၀င် မဲရုံအဖွဲ့၀င်များ၏ လုပ်ဆောင်ချက်များအတွက် တရားမကြောင်းအရဖြစ်စေ၊ ပြစ်မှုကြောင်းအရ ဖြစ်စေ တရားစွဲဆိုခြင်း မခံထိုက်စေရ” ဟု ပါရှိကြောင်းသိရသည်။

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ တွင်မဲရုံမှူးတာဝန်ထမ်းဆောင်ခဲ့ကြသည့် ဆရာ၊ ဆရာမများကို ပါတီအချို့ကတရားစွဲဆိုမှုများ ပြုလုပ်ထားသလို ဆရာ၊ ဆရာမများ၏ ဂုဏ်သိက္ခာများထိခိုက်နစ်နာစေရန် ရေးသားပြောဆိုမှုများလည်း ပြုလုပ်ခဲ့ကြသည်။

သူရိန်