စုပေါင်းရုံးများ တည်ဆောက်ရာတွင် နစ်နာကြေးမရရှိသေးသဖြင့် လယ်သမားများ အခက်အခဲကြုံတွေ့နေရ

ရန်ကုန် ၊ ဇန်နဝါရီ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်)မြို့နယ်၌ စုပေါင်းရုံးများတည်ဆောက်ရာတွင် ဒေသခံလယ်သမားများထံ နစ်နာကြေးပေးအပ်မှုမရှိသေးသဖြင့် လယ်သမားများအနေဖြင့် စားဝတ်နေရေးအခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း လယ်သမားများထံမှ သိရသည်။

ဒီထဲမှာ ကျွန်တော့် ဧက ၂၀ ကျော်ရှိတယ်။ စားဝတ်နေရေးအခက်ခဲက ကိုယ်က လယ်ယာစိုက်စားနေတဲ့သူ ဖြစ်တဲ့အတွက် မိသားစု အခက်အခဲ ရှိတာပေါ့။ အစိုးရနဲ့ ပတ်သက်လို့ ရုံးတွေဆောက်သွားတဲ့ အခါကျတော့ ဒီမှာ စိုက်ပျိုးလို့လည်းမရတော့ဘူး။ စိုက်ပျိုးခွင့်လည်း မရှိတော့ဘူး။ မရှိတော့တဲ့အတွက် ကျွန်တော်တို့ ရှေ့ဆက်ပြီး ဘယ်လိုလုပ်ရမလဲ မသိဘူးဟု လယ်သမားတစ်ဦးက ပြောသည်။

လှိုင်သာယာ (အနောက်)မြို့နယ်တွင် အစိုးရစုပေါင်းရုံး အသစ်တည်ဆောက်နေသည့် မြေနေရာတွင် ကျွန်းကြီးကျေးရွာမှ ဒေသခံတောင်သူလယ်သမားများ၏ မြေဧက ၃၀ ကျော်ပါဝင်ပြီး အဆိုပါ မြေဧကများအတွက် နစ်နာကြေး မရရှိမှုတို့ကြောင့် စီးပွားရေးကြပ်တည်းမှုများနှင့် ရင်ဆိုင်ရပြီး အခက်အခဲများဖြစ်ပေါ်နေခြင်း ဖြစ်သည်။

“ကျွန်မတို့မိသားစု ၄ ယောက်ရှိပါတယ်။ ဒီဥစ္စာကြီးလာပြီး လုပ်မယ်လို့ပြောတဲ့အချိန်မှာ ကျွန်မတို့ မှာဘာမှလုပ်စရာမရှိတော့ပါဘူး၊ လုပ်စရာမရှိတော့ လက်ရှိကနေ လက်မဲ့ဖြစ်သွားတော့ နစ်နာကြေးလာပြီး ချပေးမယ်ဆိုတာလည်း လာမချသေးပါဘူး ဘာမှ မရေရာမသေချာပါဘူး”ဟု မြေ ၆ ဧက သိမ်းခံခဲ့ရသည့် ကျွန်းကြီးကျေးရွာ ဒေသခံတောင်သူ ဒေါ်နီနီဝင်းကပြောသည်။

အဆိုပါ အစိုးရရုံးများတည်ဆောက်နေသည့် မြေနေရာအား သက်ဆိုင်ရာ တာဝန်ရှိသူများက သောင်ထွန်းမြေဟု သတ်မှတ်ထားကြပြီး ယင်းကိစ္စအား ပြန်လည်ဆောင်ရွက်ပေးရန်စီစဉ်ထားကြောင်းသိရသည်။

“အဲ့ကိစ္စနဲ့ပတ်သတ်ပြီး သက်ဆိုင်ရာဝန်ကြီးတွေနဲ့ ပတ်သတ်ပြီးတော့ ဆောင်ရွက်ပေးဖို့ ကျွန်တော်တို့က ပြောထားပြီးပြီ အဲ့ဒါက ၂ ပိုင်းရှိတယ် ကျွန်တော်တို့ဒီဟာက သောင်ထွန်းမြေလို့ခေါ်တာပေါ့ သောင်ထွန်းမြေလို့ ခေါ်တဲ့နေရာမှာ ဒီဘက်တစ်ခြမ်းကတော့ လယ်သမားတွေ ပိုင်ဆိုင်တဲ့နေရာတွေရှိခဲ့တယ် ဒီနေရာက သက်ဆိုင်ရာ တာဝန်ရှိသူတွေ ပြောတာကတော့ သောင်ထွန်းမြေပေါ့ဗျာ အဲ့တော့ဒီမှာလုပ်ကိုင်စားသောက်တဲ့သူတွေက ပိုင်ဆိုင်မှုတော့မရှိဘူး ဓါးမဦးချပုံစံမျိူးပေါ့ဗျာ နှစ်ပေါင်းစွာနေထိုင်ပြီး လုပ်ကိုင်စားသောက်ကျတယ် ဒါပေမယ့် ဒီလိုမျိူးပိုင်ဆိုင်မှု မရှိဘူးဆိုပြီး လက်လွတ်စပယ် လုပ်ဖို့မဟုတ်ဘူး သူတို့ကိုတစ်ခုခုတော့ ပြန်လည်ဆောင်ရွက်ပေးသင့်တယ်” ဟု လှိုင်သာယာ(အနောက်)မြို့နယ် တိုင်းဒေသကြီး (၂) လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူကပြောသည်။

သူရိန်