ဓနုဖြူမြို့တွင် မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုကျမှုဖြစ်ပွားရာ လူနေအိမ် ၅ လုံး ပြောင်းရွှေ့ခဲ့ရ

ဓနုဖြူ၊ ဇန်နဝါရီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့၊ အမှတ် (၁၆) ရပ်ကွက်တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါး ပြိုကျမှု ဖြစ်ပွားပြီး လူနေအိမ် ၅ လုံးကို ဘေးလွတ်ရာ ပြောင်းရွှေ့ ပေးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ဓနုဖြူမြို့ အမှတ်(၁၆)ရပ်ကွက် တာမိုင် ၄၇/၁ နှင့် ၄၇/၂ အကြားတွင် ဇန်နဝါရီ ၁၇ ရက် နံနက် ၁၀ နာရီခွဲခန့်မှ စတင်၍ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှု ဖြစ်ပွားပြီး မြစ်ကမ်းအနီးရှိ နေအိမ်ခြေ ၅ လုံးကို ကမ်းပြိုဘေးလွတ်ရာ ကျေးရွာအတွင်း ရွှေ့ပြောင်းပေးခဲ့ရခြင်းဖြစ်သည်။

”ကမ်းပါးပြိုကျလာတာပါ ဝုန်းခနဲ ပြိုကျနေတာဖြစ်ပါတယ်။ ဒီကနေ့လည်း ပြိုကျနေပါတယ်။ မနေ့ကတော့ အိမ်ခြေ ၅ လုံးကို ပြောင်းရွှေ့ပေးခဲ့ပါတယ်။ အရင်တုန်းက ဒီနေရာက ကမ်းပြိုကျမှု မဖြစ်ပွားဖူးပါဘူး။ ဒါ့ကြောင့် စိုးရိမ်ပါတယ်။ အချိန်မဟုတ် အခါမဟုတ် ပြောင်းရွှေ့ရတော့ အခက်အခဲတွေလည်းရှိပါတယ်။”ဟု အမှတ် ၁၆ ရပ်ကွက်မှ ဒေသခံ ကိုစိုးနိုင်ကပြောသည်။

အဆိုပါ ဒေသကမ်းပါးပြိုကျမှုကြောင့် လူနေအိမ် ၅ လုံးမှ အိမ်ထောင်စု ၅ စုကို ဒေသခံများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှ ပူးပေါင်း၍ ကြိုတင်ရွှေ့ပြောင်း ပေးခဲ့ခြင်းဖြစ်ပြီး ကမ်းပါးများမှာ ဇန်နဝါရီ ၁၈ ရက် အထိ ဆက်လက် ပြိုကျနေပြီး ကမ်းပြိုကျသည့် နေရာနှင့် အနီးတွင် လူနေအိမ်ခြေ ရာနှင့်ချီရှိကြောင်း သိရသည်။

”ကမ်းပြိုကျနေတဲ့နေရာရဲ့ အနီးမှာ လူနေအိမ်တွေ ရာချီရှိပါတယ်။ ဒါ့ကြောင့် ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ သက်ဆိုင်ရာကို တင်ပြပေးသွားမှာဖြစ်ပါတယ်။ လူနေအိမ် ၅ လုံး ရွှေ့ပြောင်းပေးခဲ့ရတာလည်း ဟုတ်ပါတယ်။”ဟု ဓနုဖြူမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစန်းထွေးက ပြောသည်။

အဆိုပါ အမှတ်(၁၆)ရပ်ကွက်တွင် ကမ်းပြိုကျမှုကြောင့် ရွှေ့ပြောင်းခဲ့ရသည့် လူနေအိမ်များတွင် ၂၀၂၀ ခုနှစ်က အသစ်တည်ဆောက်ထားသည့် နေအိမ်များ ပါဝင်ပြီး ဓနုဖြူမြို့နယ်၊ စံကင်းကျေးရွာတွင် ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ဇန်နဝါရီ ၁၃ ရက်မှ ၁၆ ရက်အထိ ကမ်းပါးများ ပြိုကျနေပြီး လူနေအိမ် တစ်လုံးကို ကမ်းပြိုဘေးလွတ်ရာ ကျေးရွာအတွင်း ပြောင်းရွှေ့ပေးခဲ့ရသေးကြောင်း သိရသည်။

ကျော်ကျာ်