တစ်နိုင်လုံး၏ တက္ကသိုလ်၀င်ခွင့် လျှောက်လွှာများ ရန်ကုန်တွင် ထုတ်ယူရမည်

ရန်ကုန် ၊ ဇန်နဝါရီ ၁၈

တစ်နိုင်ငံလုံးရှိ တက္ကသိုလ်၀င်ခွင့်စာမေးပွဲ အောင်မြင်သည့် ကျောင်းသား/သူများအတွက် တက္ကသိုလ်၀င်ခွင့် လျှောက်လွှာများကို ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးတွင် ထုတ်ယူရမည် ဖြစ်ကြောင်း သိရသည်။

“ဒါက တိုင်းနဲ့ ပြည်နယ်ရှိ ပညာရေးမှူးရုံးတွေက ဒုတိယညွှန်ကြားရေးမှူး ဒါမှမဟုတ် လက်ထောက် ညွှန်ကြားရေးမှူးတို့က တာ၀န်ယူပြီး ရန်ကုန်ပညာရေးမှူးရုံးနဲ့ ချိတ်ဆက်ပြီး လုံခြုံစိတ်ချစွာ သယ်ယူဖို့ ညွှန်ကြားထားပါတယ်။ ကျနော်တို့ ဘက်ကလည်း ကူညီပံ့ပိုးပေးသွားမှာပါ”ဟု အခြေခံပညာ ဦးစီးဌာနမှ တာ၀န်ရှိသူက ပြောသည်။

ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပညာ‌ရေး‌ရေးမှူးရုံးများထံ ချိတ်ဆက်ပို့ ဆောင်နိုင်ရန် အဆင့်မြင့် အခြေခံပညာဦးစီးဌာနမှ ကူညီပံ့ပိုးသွားမည် ဖြစ်သည်။

အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်ရှိ ပညာရေးမှူးရုံးများထံ တက္ကသိုလ်၀င်ခွင့်များ ရောက်ရှိလာပါက သက်ဆိုင်ရာ မြို့နယ် ကျောင်းများထံ ဖြန့်ဝေပေးရမည်ဖြစ်ပြီး အောင်မြင်သည့် ကျောင်းသား/သူ များထံ ဆက်လက်ဖြန့်ဝေပေးနိုင်ရန် ရက်ကို ပညာရေး၀န်ကြီးဌာနမှ ပညာရေး၀က်ဆိုဒ်၊ facebook စာမျက်နှာ၊ နိုင်ငံပိုင် သတင်းစာ၊ နိုင်ငံပိုင် မီဒီယာ ရုပ်သံလိုင်း၊ မြ၀တီ ရုပ်သံလိုင်းများမှ တစ်ဆင့် အသိပေးကြေညာသွားမည် ဖြစ်သည်။

အောင်မြင်သည့် ကျောင်းသား/‌သူများ ထံ လက်၀ယ်ထိ မဖြန့်ဝေပေးခင်ကာလအထိ သက်ဆိုင်ရာမြို့နယ် ကျောင်းများက တက္ကသိုလ်၀င်ခွင့် လျှောက်လွှာများ ကို လုံခြုံစိတ်ချ လျှိုဝှက်စွာ ထိန်းသိမ်းရမည်ဖြစ်ပြီး မြို့နယ် ကျောင်းများကလည်း သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် ပညာရေးမှူး ရုံးများထံ သွားရောက်ထုတ်ယူနိုင်ရန် ညွှန်ကြားထားကြောင်း သိရသည်။

ပြီးခဲ့တဲ့ ပညာသင်နှစ် တက္ကသိုလ်၀င်စာမေးပွဲ အောင်မြင်သည့် အောင်စာရင်းကို ၂၀၂၀ ဇွန်လမှာ ကြေညာထားရှိခဲ့ပြီး COVID ကြောင့် အခြေခံ ကျောင်းများလည်း ပိတ်ထားရသလို တက္ကသိုလ်များလည်း ပိတ်ထားရသည့် အခြေအနေ ဖြစ်သည်။

ထို့ကြောင့် တက္ကသိုလ်၀င်ရောက် ခွင့်လျှောက်ထားမှုများကို ပညာရေး၀န်ကြီးဌာန အနေဖြင့် ယနေ့ထိ ကြေညာထားမှု မရှိသေးကြောင်း သိရသည်။

ဆက်နိုင်