ထောက်ပံ့ကြေးရရှိရန်အတွက် တိုင်ကြားစာ ၉၆ ရာခိုင်နှုန်းထိရှိ

ရန်ကုန် ၊ ဒီဇင်ဘာ ၂၆

ကိုဗစ်ကာလတွင် အလုပ်အကိုင်အဆင်မပြေသည့်အပြင် အစိုးရ၏ထောက်ပံ့မှုစာရင်းတွင်မပါတဲ့အတွက် အခက်အခဲကြုံနေရသဖြင့် ထောက်ပံ့ကြေးရရှိရန် တိုင်ကြားစာ၉၆ ရာခိုင်နှုန်း ကျော်ရှိကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနမှသိရသည်။

” ထောက်ပံ့ကြေး အပြည့်အဝမရလို့ တိုင်ကြားတာ၊ ထောက်ပံ့မှု ပွင့်လင်းမြင်သာမှု မရှိလို့ တိုင်ကြားတာ၊ ယခင်ထောက်ပံ့မှု မှာပါဝင်ပြီး ခုထောက်ပံ့မှုမှာ ပါဝင်မှု မရှိလို့ တိုင်ကြားခြင်းအပါအဝင် တင်ပြတဲ့ အိမ်ထောင်စုအတိုင်း မဟုတ်ဘဲ ချန်လှပ်ထားမှုတွေကြောင့် တိုင်ကြားတာရှိတယ်။ တိုင်ကြားစာ ၂၁၀,၇၄၈ ထဲကမှာ တိုင်ကြားစာ ၁၈၁,၉၂၉ ကျော် စိစစ်ဆောင်ရွက်ပြီးဖြစ်တယ်။” လို့ ပြည်ထောင်စု ဝန်ကြီး ဦးမင်းသူကပြောသည်။

လက်ရှိတွင်အစိုးရမှ ဝင်ငွေပုံမှန်မရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများကို ထောက်ပံ့နေသည့်အပေါ် နိုဝင်ဘာလ ၁၆ ရက်မှ ဒီဇင်ဘာလ ၁၇ ရက်အထိကို တိုင်ကြားစာပေါင်း ၂ သိန်းကျော်ရှိထားသည်။

အဆိုပါ တိုင်ကြားမှုထဲတွင် အလုပ်အကိုင် အဆင်မပြေမှုနှင့် ထောက်ပံ့မှုစာရင်းတွင် မပါဝင်ခြင်းကြောင့် ထောက်ပံ့ကြေးရယူလိုသည့်အတွက် တိုင်ကြားမှုက ၉၆ ရာခိုင်နှုန်း ကျော်ရှိကြောင်းသိရသည်။

သက်ဆိုင်ရာ ရပ်၊ ကျေးအုပ်ချုပ်ရေးမှူးတွေ၊ ရပ်မိရပ်ဖများနှင့် ဌာနဆိုင်ရာကိုယ်စားလှယ်တွေပါဝင်သည့် စိစစ်ရေး အဖွဲ့များက စိစစ်သည့်အခါတွင် မှန်ကန်သည့် တိုင်ကြားစာပေါင်း က ၁၇၆,၅၁၀ စောင်ရှိပြီးမှန်ကန်မှု မရှိသည့် တိုင်ကြားစာပေါင်း က ၅,၄၁၉ စောင်ရှိကြောင်းသိရသည်။

” ကျမတို့က အတိုင်လည်း မခံနိုင်ဘူး။ ပိုက်ဆံကို မျှပေးတာလည်း လုပ်ခွင့်မပေးတော့ဘူး။ မျှပေးလို့ အစိုးရပေးတာ အကုန် မရပါဘူးဆိုပြီး တိုင်ရင်ကျမတို့က ဖြေရှင်းရမှာ။ ဒါကြောင့် တကယ်ထောက်ပံ့ကြေးရသင့်တဲ့သူကို ရအောင်သေချာစာရင်းစိစစ်တယ်။ အရင်ပါပြီးသားထဲက သတ်မှတ်ချက်နဲ့မကိုက်ညီသူတွေကို ဖြုတ်ပါတယ်။ ထပ်တိုးရသင့်သူတွေကို ထည့်ပါတယ်။”လို့ ပြည်မြို့နယ်၊ ကျေးရွာတစ်ခုရဲ့ အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ကိုဗစ်-၁၉ ကာလအတွင်း အခြေခံလူတန်းစားတွေကို ပထမအကြိမ်မှာ အိမ်ထောင်စု ၄ သန်းကို ပစ္စည်း ၅မျိုး၊ အိမ်ထောင်စု ၁.၄ သန်းကို ငွေကျပ် ၁၅၀၀၀ ထောက်ပံ့ပေးခဲ့သည်။

ဒုတိယအကြိမ်မှာ ငွေကျပ် ၄၀၀၀၀ ကို ကျပ် ၂ သောင်းစီ ၂ ကြိမ်ခွဲပြီး ဇူလိုင်လနဲ့ သြဂုတ်လတွေမှာ အိမ်ထောင်စုပေါင်း ၅.၄ သန်းခန့်၊ တတိယအကြိမ်မှာတော့ အိမ်ထောင်စုပေါင်း ၅.၇ သန်းခန့်အထိ စက်တင်ဘာလမှာ တိုးမြှင့်ထောက်ပံ့ပေးခဲ့ကာ ယခု စတုတ္ထအကြိမ်မှာ အိမ်ထောင်စုပေါင်း ၆.၁ သန်းခန့်ကို ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနစာရင်းအရ သိရသည်။

သူရိန်