ခေတ်သစ်မှာ ကိုယ့်အချက်အလက်တွေကို နိုင်ငံရေးပါတီတွေက ဘယ်လိုအသုံးချနိုင်သလဲ

ဖေ့စ်ဘွတ်ကတစ်ဆင့် အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို အသုံးချပြီး နိုင်ငံရေးပါတီ တစ်ခုခုဘက်ကို အသာရအောင် ပုံဖော်တယ်ဆိုတဲ့ကိစ္စဟာ လက်ရှိ ခေတ်အခြေအနေမှာ ကြားရဖန်များလို့ မထူးဆန်းသယောင် ဖြစ်နေနိုင်ပေမယ့် ကိုယ့်သဘောထားကို ကိုယ်မသိလိုက်ဘဲ ပုံအဖော်ခံရတာမျိုးဆိုရင်တော့ ဒါမျိုးကို လက်ခံချင်ကြသူ ရှားနိုင်ပါတယ်။

၂၀၁၃ ခုနှစ်မှာ ထူထောင်ခဲ့တဲ့ အခုလို နိုင်ငံရေးပါတီ ဘက်တစ်ခုခုကို အသာရအောင် အခကြေးငွေယူ ပုံဖော်ပေးသော ကိန်းဘရစ်ဂျ် အနဲလစ်တစ်ကာ ဆိုတဲ့ ကုမ္ပဏီဟာ ဒီလို လုပ်ဖို့အတွက် ဖေ့စ်ဘွတ် အသုံးပြုသူတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုခဲ့ကြောင်း နိုင်ငံတကာသတင်းဌာနတွေက ထုတ်ဖော်လာမှုကြောင့် စုံစမ်းစစ်ဆေးမှုတွေ ခံရပြီး ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာတင် ဖျက်သိမ်းပစ်ခဲ့ရတာ ဖြစ်ပါတယ်။
ဒီကုမ္ပဏီဟာ အမေရိကန်နဲ့ ယူကေတို့လို နိုင်ငံကြီးတွေရဲ့ ရွေးကောက်ပွဲတွေမှာ ပတ်သက်ခဲ့ရုံသာမက အိန္ဒိယ၊ ကင်ညာ၊ ဘရာဇီး အစရှိသဖြင့် ကမ္ဘာအနှံ့က ရွေးကောက်ပွဲတွေမှာ ဘက်တစ်ခုခုရဲ့ ငှားရမ်းခံခဲ့ရကြောင်း ထုတ်ဖော်ခံခဲ့ရတဲ့အတွက် တစ်ကမ္ဘာလုံးက နိုင်ငံမရွေး အများပြည်သူတွေ သတိထားရမယ့် ကိစ္စတစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။

အခုဆောင်းပါးမှာတော့ ယူကေနိုင်ငံကို ဗဟိုထားပြီး နိုင်ငံရေးပါတီတွေက ဒီလို ကိုယ်ရေးအချက်အလက်တွေကို ဘယ်လို အသုံးချနေသလဲဆိုတာကို လေ့လာ သုံးသပ်သွားမှာ ဖြစ်ပါတယ်။

ယူကေနိုင်ငံက နိုင်ငံရေးပါတီတွေက တစ်ကိုယ်ရေ အချက်အလက်တွေ ဘယ်လို အသုံးချနေသလဲ

ယူကေနိုင်ငံက နိုင်ငံရေးပါတီတွေက အများပြည်သူ တစ်ကိုယ်ရေ အချက်အလက်တွေကို အလွဲသုံးစား လုပ်မလုပ်ကို ယူကေ ယဉ်ကျေးမှု၊ စာနယ်ဇင်း၊ အားကစားနဲ့ ဒစ်ဂျစ်တယ်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ ထောက်ပံ့မှုနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ခုကို စစ်ဆေးရာမှာ စိတ်ဝင်စားစရာ ရလဒ်တွေကို တွေ့ခဲ့ရပါတယ်။

ယူကေ သတင်းအချက်အလက်ဆိုင်ရာ ကော်မရှင်နာမင်းကြီးရုံး ဆိုတဲ့ အဲဒီအဖွဲ့က စစ်ဆေးချက် အစီအရင်ခံစာအရ လူတစ်ယောက်ရဲ့ နာမည်အမှန်ကို အချက်အလက် ဝယ်ယူရုံနဲ့တင် ဒီလူရဲ့ ဝင်ငွေ၊ သားသမီးအရေအတွက်နဲ့ လူမျိုး အချက်အလက်တွေပါ တစ်ပါတည်း ခန့်မှန်းချက်ထုတ်ပြီး ဒါတွေနဲ့ သဟဇာတဖြစ်တဲ့ နိုင်ငံရေး စည်းရုံးမှု ပုံစံ ဖော်ထုတ်နိုင်တဲ့ အခြေအနေ ရှိနေတာကို တွေ့ရပါတယ်။
ယူကေ ကွန်ဆားဗေးတစ်ပါတီဆိုရင် သူတို့ကို မဲပေးသူ ၁၀ သန်းလောက်ကို ကိုယ်ရေးအချက်အလက်တွေ ဘယ်လို ပြန်သုံးသလဲ ဆိုတာ ရှင်းရှင်းလင်းလင်း ပြန်အသိမပေးဘဲ တစ်ဦးစီရဲ့ နောက်ခံအခြေအနေနဲ့အညီ ကိုယ့်ဘက်ပါစေတဲ့ နိုင်ငံရေး စည်းရုံးမှု အမျိုးမျိုး ပုံစံထုတ်နေတာကို တွေ့ရပါတယ်။

ယူကေနိုင်ငံက နိုင်ငံရေးပါတီတွေဟာ မဲဆွယ်မှု ပိုအောင်မြင်ဖို့အတွက် မဲပေးပြည်သူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို အတိုင်းအတာတစ်ခုအထိ တရားဝင် အသုံးပြုခွင့်ရထားပါတယ်။ ဒါပေမဲ့လည်း နောက်ပေါ်လာတဲ့ အချက်အလက်တွေ စုပေါင်းတွက်ချက်ရေး ဆော့ဖ်ဝဲတွေကြောင့် အရင်းအမြစ် အမျိုးမျိုးကလာတဲ့ လူတစ်ဦးတစ်ယောက်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို စုပေါင်းပြီး ဒီလူရဲ့ အကျိုးစီးပွားနဲ့ မဲပေးနိုင်ခြေရှိတဲ့ ပုံစံကိုပါ တွက်ချက်နိုင်လာတဲ့အတွက် ဒါကို စိုးရိမ်စရာအဖြစ် မြင်လာကြသူတွေလည်း ရှိလာပါတယ်။
နိုင်ငံရေးပါတီတွေဟာ မဲပေးဖို့ စာရင်းသွင်းသူတွေက ဖြည့်သွင်းတဲ့ အချက်အလက်တွေကို အချက်အလက် အရင်းအမြစ်ကျောရိုးအဖြစ် အသုံးပြုပြီး ဒီထက်ပိုပြီး သူတို့ ဘယ်လို အချက်အလက်တွေ စုဆောင်း အသုံးပြုတယ်ဆိုတာ စစ်ဆေးရခက်တယ်လို့ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့် ကာကွယ်ရေး နိုင်ငံတကာ ပရဟိတအဖွဲ့ Privacy Internaional (PI) က ဆိုပါတယ်။

တစ်ကိုယ်ရေ အချက်အလက် ပွဲစားသဖွယ် လုပ်နေတဲ့ ကုမ္ပဏီတွေ

ယူကေနိုင်ငံက အဓိက နိုင်ငံရေးပါတီကြီးနှစ်ခုဖြစ်တဲ့ ကွန်ဆားဗေးတစ်နဲ့ လေဘာပါတီတို့ နှစ်ခုစလုံးဟာ Experian ဆိုတဲ့ လူတစ်ဦးချင်းရဲ့ ဘဏ္ဍာရေး တတ်နိုင်ခြေ စံနှုန်း တွက်ချက်ပေးတဲ့ ကုမ္ပဏီက ရောင်းချတဲ့ တစ်ကိုယ်ရေ အချက်အလက် တွက်ချက်ရေး စနစ်ကို အသုံးပြုကြတယ်လို့ ယူကေ အခြေစိုက် ပွင့်လင်းအခွင့်အရေးအဖွဲ့ (ORG) က ပြောပါတယ်။

Experian အပါအဝင် Equifax နဲ့ Transunion အစရှိတဲ့ အလားတူ ကုမ္ပဏီတွေဟာ အရစ်ကျ အိမ်ဝယ်ရေး အစရှိတဲ့ အကြွေးဝယ် လျှောက်ထားမှုတွေမှာ အသုံးပြုတဲ့ လူတစ်ဦးချင်းရဲ့ ဘဏ္ဍာရေး တတ်နိုင်ခြေ စံနှုန်း တွက်ချက်ပေးတဲ့ ကုမ္ပဏီတွေဖြစ်ပေမဲ့ သူတို့က အချက်အလက်တွေ ရောင်းပေးတဲ့ ပွဲစားတွေသဖွယ် စီးပွားရေးလုပ်နေကြတာ ဖြစ်ပါတယ်။

ဒီကုမ္ပဏီတွေဟာ သူတို့ ကိုယ်တိုင် ဘဏ္ဍာရေး တတ်နိုင်ခြေ စံနှုန်း သိချင်သူတွေက ဖြည့်သွင်းတဲ့ အချက်အလက်တွေကို စုဆောင်းသလို အကြွေးဝယ်နိုင်တဲ့ ခရက်ဒစ်ကတ် ကုမ္ပဏီတွေမှာ ရှိတဲ့ အချက်အလက်တွေကိုလည်း ပြန်လည်ဝယ်ယူပြီး အဲဒီအချက်အလက်တွေကို နိုင်ငံရေးပါတီ အပါအဝင် ကြော်ငြာလုပ်ငန်းလို လုပ်ငန်းမျိုးတွေကို ပြန်လည် ရောင်းချနေကြတာ ဖြစ်ပါတယ်။

PI ရဲ့ ကန့်ကွက်မှု အကျိုးဆက်အဖြစ် ယူကေ အသင်းအချက်အလက်ဆိုင်ရာ ကော်မရှင်နာမင်းကြီးရုံး (ICO) ရဲ့ နှစ်နှစ်ကြာ စုံစမ်းစစ်ဆေးမှုအရ Experian ဟာ သန်းချီတဲ့ ယူကေနိုင်ငံသားတွေရဲ့ အချက်အလက်တွေကို စုပေါင်း တွက်ချက်မှုတွေ လုပ်နေရာမှာ ဒီကုမ္ပဏီက ဥရောပသမဂ္ဂ တစ်ခုလုံးနဲ့ သက်ဆိုင်တဲ့ အချက်အလက် ထိန်းသိမ်း စောင့်ရှောက်ဆိုင်ရာ အထွေထွေ စည်းမျဉ်း (GDPR) နဲ့အညီ လုပ်ဆောင်ဖို့ လိုအပ်ချက်တွေကို ICO က Experian ကို တိုက်တွန်းခဲ့ပြီး Experian ကလည်း ပြန်လည် အယူခံဝင် ထားပါတယ်။

လူတစ်ဦးချင်းရဲ့ ကိုယ်ရေးအချက်အလက် များများ သိမယ်ဆိုရင် အဲဒီလူတစ်ဦးစီရဲ့ အကြိုက်အလိုက် နိုင်ငံရေးအနေအထားတစ်ခုနဲ့ ပတ်သက်လို့ အပြည့်အစုံ မရှင်းလင်းဘဲ နိုင်ငံရေးပါတီတစ်ခုအပေါ် ထောက်ခံမှု ပိုရဖို့အတွက် ပြဿနာရဲ့ တစ်စိတ်တပိုင်းကိုပဲ ရွေးချယ် အသားပေး ပြောဆိုတာလည်း လုပ်လို့ရတယ်လို့ ဆိုနိုင်တဲ့အတွက် နိုင်ငံရေး ငြင်းခုံမှု ပုံစံတွေ ကျဉ်းမြောင်းစေပြီး၊ တစ်ဖက်စွန်း မဲပေးမှုတွေ၊ ကိုယ့်အမြင်ကိုပဲ တစ်ဖက်သတ် အမှန်ထင်သွားတာတွေ ဖြစ်စေနိုင်တယ်လို့ PI က ဆိုပါတယ်။

ဥပမာအားဖြင့် ယူကေနိုင်ငံမှာ လူတစ်ယောက်ရဲ့ နာမည်က မိုဟာမက် ဆိုရင် ဒီလူ ကိုးကွယ်တဲ့ ဘာသာနဲ့ အဲဒီလူက ယူကေဖွား မဟုတ်ဘဲ ပြည်ပက ရွေ့ပြောင်းလာသူ ဖြစ်ကြောင်း ခန့်မှန်း တွက်ချက်လို့ရပြီး ဒါနဲ့ ကိုက်ညီတဲ့ နိုင်ငံရေး စည်းရုံးမှု လုပ်နိုင်တာမျိုးလည်း ရှိတယ်လို့ ယူကေအခြေစိုက် ပွင့်လင့်အခွင့်အရေးအဖွဲ့ဝင် ORG ဂျီးလ် ကီးလ်လော့ခ်က ဆိုပါတယ်။
ဒါ့အပြင် အသက်အရွယ်မကွာတဲ့ လူနှစ်ဦးက လိပ်စာ တစ်ခုတည်းမှာနေတယ်ဆိုရင် စုံတွဲဖြစ်ကြောင်း ခန့်မှန်းနိုင်ပြီး ဒီနှစ်ဦးစလုံးနဲ့ ကိုက်ညီတဲ့ နိုင်ငံရေး သတင်းစကားတစ်ခုပါ ဖန်တီးနိုင်ခြေ ရှိတယ်လို့လည်း သူက ပြောပါတယ်။

ကွန်ဆားဗေးတစ်၊ လေဘာနဲ့ လစ်ဘရယ် ဒီမိုကရက် ပါတီတို့ရဲ့ တုံ့ပြန်ချက်

ယူကေနိုင်ငံက နိုင်ငံရေးပါတီကြီး သုံးခုဖြစ်တဲ့ ကွန်ဆားဗေးတစ်၊ လေဘာနဲ့ လစ်ဘရယ် ဒီမိုကရက် တို့ သုံးခုစလုံးက သူတို့ရရှိထားတဲ့ မဲဆွယ်ရေးဆိုင်ရာ တစ်ကိုယ်ရေ အချက်အလက်တွေကို ဘယ်လို အသုံးပြုသလဲ ဆိုတာကို ဘီဘီစီက မေးမြန်းခဲ့ပေမဲ့ ဘယ်ပါတီကမှ ပြန်လည် မဖြေကြားခဲ့ပါဘူး။
ORG ကတော့ ဒီပါတီတွေ ဘယ်လို တစ်ကိုယ်ရေ အချက်အလက်တွေ အသုံးချသလဲ ဆိုတာ ကိုယ်တိုင်လေ့လာ သုံးသပ်ခဲ့ပါတယ်။
ဒီအဖွဲ့က ပါတီအသီးသီးက ထောက်ခံသူတွေကို သူတို့ အခွင့်အရေးအရ ပါတီကို ပြန်လည် မေးမြန်းစေရာမှာ တုံ့ပြန်ချက် အနည်းငယ်သာ ရရှိခဲ့ပေမဲ့ စိတ်ဝင်စားစရာ အချက်တွေတော့ ရခဲ့ပါတယ်။

လေဘာပါတီဆိုရင် လူတစ်ဦးချင်းစီအတွက် စရိုက်နဲ့လူတန်းစား အမျိုး ၈၀ ကျော် ခွဲထားပြီး အဲဒီ တစ်ဦးစီအတွက် မှတ်တမ်းယူထားတဲ့ အချက်အလက်ကလည်း စာမျက်နှာ တစ်ရာကျော်လောက်အထိ ထားတယ်လို့ ဆိုပါတယ်။ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီကတော့ လူတစ်ယောက်ရဲ့ အချက်အလက်ကနေ အဲဒီလူရဲ့ အိမ်ထောင်စုအတွင်း လူဘယ်နှစ်ယောက်ရှိမလဲဆိုတာ ခန့်မှန်းဖို့ကြိုးစားပြီး နာမည်အားဖြင့်လည်း အသက်ဘယ်လောက် ရှိမလဲဆိုတာ ခန့်မှန်းတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

ကွန်ဆားဗေးတစ်ပါတီကတော့ သူတို့ဟာ ရထားတဲ့ တစ်ကိုယ်ရေ အချက်အလက်အပေါ်မူတည်ပြီး အဲဒီလူက ဒေးလီးမေးလ် သတင်းစာကို နှစ်သက်နိုင်ခြေ ဘယ်လောက်ရှိမလဲ ဆိုတာနဲ့ ဝင်ငွေကို ခန့်မှန်းလေ့ရှိတယ်လို့ဆိုပါတယ်။

ဒီလို အခြေအနေတွေကို ဘယ်လိုဖြေရှင်းလို့ရမလဲ

ICO ရဲ့ လေ့လာသုံးသပ်ချက် အစီအရင်ခံစာမှာတော့ နိုင်ငံရေးပါတီတွေအနေနဲ့ တစ်ကိုယ်ရေ အချက်အလက်တွေကို ဘယ်လို အသုံးချလိုသလဲ ဆိုတာနဲ့ ပတ်သက်လို့ အများကြီး ပိုပြီး ပွင့်ပွင့်လင်းလင်း ဖြစ်သင့်တယ်လို့ တိုက်တွန်းထားပါတယ်။ ORG အဖွဲ့ကတော့ အခုလို တိုက်တွန်းချက်နဲ့တင် မလုံလောက်ဘဲ အရေးယူတဲ့ ပုံစံမျိုး အထိ လုပ်သင့်တယ်လို့ ဆိုပါတယ်။ တစ်ကိုယ်ရေ အချက်အလက် အသုံးခံရသူတွေ အနေနဲ့လည်း သူတို့ရဲ့ အချက်အလက်တွေကို အချက်အလက် ပွဲစားလုပ်တဲ့ ကုမ္ပဏီတွေနဲ့ နိုင်ငံရေးပါတီတွေ အကြား အကူးအသန်းမရှိစေဖို့ ဆုံးဖြတ်ခွင့် ရသင့်တယ်လို့ ဆိုပါတယ်။

GDPR အရဆိုရင်လည်း လူတစ်ဦးချင်းစီဟာ သူတို့ရဲ့ တစ်ကိုယ်ရေ အချက်အလက်တွေ ဘယ်လို အသုံးခံနေရသလဲ ဆိုတာ အတိအကျ သိပိုင်ခွင့် ရှိသင့်ပြီး ခွင့်ပြုချက်ပေးမှ ဒီလိုသုံးခွင့်ရသင့်တဲ့ ဥပဒေ ကန့်သတ်ချက်တွေလည်း ပါဝင်ပါတယ်။
ဒါပေမဲ့ အွန်လိုင်းမှာ ဘယ်အချက်အလက်တွေကို စုဆောင်းခံနေရသလဲဆိုတာကို သာမန်လူတွေ သိကြတာနည်းတာကလည်း အဓိက ပြဿနာဖြစ်နေတယ်လို့ PI အဖွဲ့က မစ္စ ပါဒွန်က ပြောပါတယ်။

အချက်အလက်ပွဲစားလုပ်နေတဲ့ ကုမ္ပဏီတွေရဲ့ လုပ်ပုံကိုင်ပုံတွေက ရှုပ်ထွေးလှပြီး GDPR က လူတွေကို တစ်ကိုယ်ရေ အချက်အလက်နဲ့ ပတ်သက်တဲ့ ပိုင်စိုးခွင့် အခွင့်အရေးတွေ ပိုရစေတယ် ဆိုပေမယ့် ကိုယ်ဘယ်လို အချက်အလက်တွေ စုဆောင်းခံနေရတယ်ဆိုတာ သတိမထားမိဘူး၊ မသိဘူးဆိုရင် အဲဒီ အခွင့်အရေးတွေကို ဘယ်လို အသုံးချပြီး ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ဆိုတဲ့ အဆင့်ကို မရောက်တော့တဲ့ ပြဿနာက ဆက်လက် အဖြေရှာရမယ့် အခြေအနေ ဖြစ်ပါတယ်။

Source: BBC