လူကြည့်များတဲ့ ဝက်ဘ်ဆိုက်တစ်ခု ဖြစ်စေဖို့ သိကို သိသင့်တဲ့အချက် (၄)ချက်

စီးပွားရေးလုပ်ငန်းတစ်ခုမှာ ဈေးကွက်ရှာဖို့နဲ့ Brand ပုံရိပ်တစ်ခု တည်ဆောက်ဖို့အတွက် လုပ်ငန်းသုံး ဝက်ဘ်ဆိုက်ကောင်းတစ်ခု ရှိဖို့တော့ လိုပါတယ်။ ဝက်ဘ်ဆိုက်တစ်ခုဟာ သင်နဲ့ ဖောက်သည်တွေအကြား ဆက်စပ်ပေးနေတဲ့ Space တစ်ခုပါပဲ။

ဒီ Space လေးကို ကောင်းကောင်းအသုံးချတတ်မယ်ဆိုရင်တော့ ထိရောက်ပြီး ကုန်ကျစရိတ်သက်သာတဲ့ မားကတ်တင်းချန်နယ်တစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒီတော့ ကိုယ့်လုပ်ငန်းအကြောင်းကို တမူထူးခြားစွာနဲ့ လူသိများလာစေဖို့အတွက် ဝက်ဘ်ဆိုက်တစ်ခုမှာ ရှိကို ရှိသင့်တဲ့ အချက်တစ်ချို့ကို မျှဝေချင်ပါတယ်။

(၁) ရိုးရှင်းပြီး သစ်လွင်ထူးခြားနေပါစေ
သင့် ဝက်ဘ်ဆိုက်ကို လာကြည့်တဲ့သူတွေ ပထမဆုံး တွေ့ရမယ့် Homepage ဟာ ဝက်ဘ် ဒီဇိုင်းရဲ့ အရေးကြီးဆုံး အပိုင်းပါပဲ။ Homepage ဟာ ဝက်ဘ်ဆိုက်လာကြည့်သူတွေ မေးချင်တဲ့ အရေးကြီး မေးခွန်းတွေ ရဲ့ အဖြေ ဖြစ်သင့်ပါတယ်။

ဒီနေရာမှာ ကိုယ်က ဘာလဲ ၊ ကိုယ့်စီးပွားရေးက ဘာတွေလဲ ၊ ကိုယ့်ဝက်ဘ်ဆိုက်နဲ့ သူတို့ ဘယ်လိုချိတ်ဆက်ပြီး ဘာတွေလုပ်ဆောင်နိုင်သလဲ ဆိုတာကို အလွယ်လေးနဲ့ သိနိုင်အောင် ရေးဆွဲထား ရမှာပါ။

ဒီလိုပြောလို့ Homepage ဟာ အချက်အလက်တွေနဲ့ချည်း ပြည့်နေရမယ်လို့ မဆိုလိုပါဘူး။ ကိုယ့်ဝက်ဘ်ဆိုက်ကို လာကြည့်သူတွေကို ရှုပ်ထွေးတဲ့ အချက်အလက်ပြဇယားတွေနဲ့ Content တွေ ပြမယ့်အစား သပ်ရပ်ရိုးရှင်းပြီး ကျစ်လျစ်တဲ့ စာသားတွေနဲ့ ညွှန်းပေးရမှာပါ။ ဝက်ဘ်ဆိုက်တစ်ခုမှာ Content is critical ပါ။
ကိုယ့်ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကို တည်ခင်းပြသရာမှာ စာသားချည်းသုံးမယ့်အစား promo video လေးတွေ ၊ ပရိုကျကျ ရိုက်ထားတဲ့ ဓါတ်ပုံလေးတွေနဲ့ Graphic လေးတွေနဲ့ ဆွဲဆောင်နိုင်ပါတယ်။

အရေးကြီးတာက ဝက်ဘ်ဆိုက်စာမျက်နှာပေါ်မှာရှိတဲ့ ဓါတ်ပုံ ၊ စာသား ၊ ဂရပ်ဖစ် စတဲ့စတဲ့ Content အားလုံးဟာ တန်ဖိုးကြီး လက်ဝတ်ရတနာတွေလိုမျိုး တောက်ပသားနားပြီး ပရီမီယံဆန်နေဖို့ပါပဲ။

(၂) ဝက်ဘ်ဆိုက် Loading Time လျှော့ချပါ
Website တစ်ခု ဝင်ကြည့်လိုက်လို့ ချက်ချင်းဝင်မရဘဲ စောင့်နေရတာမျိုးကို ဘယ်သူမှ မကြိုက်ကြပါဘူး။ ဝက်ဘ်ဆိုက်တစ်ခု ပွင့်လာဖို့ Loading လုပ်တာ ကြာနေပြီဆိုရင် ကိုယ့်ဝက်ဘ်ဆိုက်ကို လာမယ့်သူတွေ အလွယ်တကူ စိတ်ကုန်သွားနိုင်ပါတယ်။ Website performance ကောင်းဖို့ Load Times တွေ ၊ Site Speed နဲ့ Web contents တွေ ပုံစံမှန်ရဲ့လား ဆိုတာ ပုံမှန်စီစစ်သင့်ပါတယ်။

(၃) Mobile Optimization ကောင်းပါစေ
အခုချိန်မှာ အင်တာနက်ကို စမတ်ဖုန်းနဲ့သုံးသူဦးရေက အကြီးအကျယ် ထိုးတက်နေတာပါ။ ဝက်ဘ်ဆိုက် တစ်ခုကို လူကြည့်များစေချင်တယ်ဆိုရင် မိုဘိုင်းလ်ဗားရှင်းမှာပါ ကိုယ့် Website သုံးရတာ အကောင်းဆုံး ဖြစ်အောင်လုပ်ပေးဖို့ လိုပါတယ်။ Mobile ဖုန်းနဲ့ website ထဲ ဝင်ကြည့်ဖို့ အဆင်မပြေရင် users ရဲ့ ၆၁% က အဲ့ဒီ Site ကို လာမလည်ဘဲ ပြန်ထွက်သွားကြတယ်လို့ Google ရဲ့ Mobile-first Index အစီရင်ခံစာက ဆိုပါတယ်။

(၄) SEO ပိုင်း အာရုံစိုက်ပါ
SEO ဆိုတာကတော့ “သင်ရှာနေတာ ဒီမှာ ရှိပါတယ်” လို့ ညွှန်းပေးတဲ့ စနစ်ပါ။ SEO/SEM ကမ်ပိန်းတွေဟာ ကိုယ့်လုပ်ငန်းအကြောင်းကို လူသိလာစေဖို့ အကောင်းဆုံး ဒီဂျစ်တယ်မားကတ်တင်းတွေပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဝက်ဘ်ဆိုက်တစ်ခုကို ပရိတ်သတ်တွေ မျက်စိကျအောင် ဒီဇိုင်းနဲ့ Content တွေ အားကောင်းဖို့ လိုပါတယ်။ သုံးတဲ့သူတွေ နောက်ထပ်နောက်ထပ် လာလည်ချင်အောင် Performance နဲ့ Creation တွေ မြှင့်ထားသင့်တယ်လို့ ပြောချင်ပါတယ်။ ဒီဂျစ်တယ်ခေတ် စီးပွားရေးမှာ သင့်ရဲ့လုပ်ငန်းကို ၂၄နာရီ လည်ပတ်ပေးနိုင်တဲ့ ဝက်ဘ်ဆိုက်ကောင်း တစ်ခုရှိရုံနဲ့ အကျိုးကျေးဇူးများစွာ ရရှိစေပါတယ်။

Credit: Myanmar ICT Solutions Limited