မုံရွာမြို့၊ မြို့ပတ်လမ်း ရွှေဇလုပ်အဝိုင်းအနီး မြေယာပိုင်ဆိုင်မှု စည်းရိုးခတ်ရာမှ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး အမျိုးသား(၂) ဦးသေဆုံး

မုံရွာ ၊ ဇန်နဝါရီ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့ပတ်လမ်း ရွှေဇလုပ်အဝိုင်းအနီး ဘောလုံးကွင်းတွင် ဇန်နဝါရီ (၁၂) ရက်ညနေပိုင်းက မြေယာစည်းရိုးခတ်ရာကနေ ပိုင်ဆိုင်မှုအငြင်းပွားကာ ရုန်းရင်းဆန်ခတ် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှာ တက္ကသိုလ်ဆရာမတဦးက မြေဂရံ ပိုင်ဆိုင်မှုအထောက်အထားများနဲ့ ခြံစည်းရိုးခတ်ရာမှာ မူလယာမြေပိုင်ရှင် အပါအ၀င် ဒီမြေပေါ်မှာ အိမ်ဆောက်လုပ်နေထိုင်သူများနှင့် ပဋိပက္ခဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

” ကျွန်မတို့ဒီမြေက ဘိုးဘွားပိုင်မြေပါ၊ ပါမောက္ခဆိုတဲ့အမျိုးသမီးက ပိုင်ဆိုင်မှုဂရံရှိတယ်ဆိုပြီး ကျွန်မတို့စည်းရိုးတွေကို လာဖျက်တာပါ၊ သူတို့လင်မယားက လူမိုက်တွေခေါ်လာတာပါ၊ ကျွန်မကိုလဲ ဓားနဲ့ခုတ်ဖို့လုပ်တယ်၊ ဒီမြေကိုသူတို့၀ယ်ထားတယ်လို့ပြောတယ် ကျွန်မတို့ဘိုးဘွားမိသားစု၀င်တွေရဲ့ လက်မှတ်ထိုးဘာတခုမှမရှိဘူး” ဟု မူလမြေပိုင်ရှင်ဆိုသူ မမာမာ၀င်းက ပြောသည်။

လက်ရှိအငြင်းပွားမြေဟာ ယခင်ကယာမြေဖြစ်ပြီး လက်ရှိဒီမြေပေါ်မှာ နေထိုင်နေတဲ့သူတွေဟာလဲ မူလယာမြေပိုင်ရှင်ပိုင်ရှင်ရဲ့ ခွင့်ပြုချက်နဲ့ နေထိုင်နေကြတာဖြစ်ပြီး ပိုင်ဆိုင်မှုအငြင်းပွားတဲ့နေရာမှာ အဆင်ပြေအောင်ဖြေရှင်းပေးဖို့ မေတ္တာရပ်ခံနေရင်းက အခုလိုအခြေအနေတွေဖြစ်ပေါ်ခဲ့တာ ဖြစ်တယ်လို့ အငြင်းပွားမြေပေါ်နေထိုင်သူ တစ်ဦးကပြောသည်။

” ကျွန်မတို့ကမြေမရှိပါဘူး၊ အခုနေ နေတဲ့ ဒီနေရာက မမာမာ၀င်းကပေးနေလို့ နေနေကြတာပါ၊ ပြီးခဲ့တဲ့တပတ်လောက်က ဂရံပိုင်ရှင်ဆိုသူ ရောက်လာပါတယ်၊ ကျွန်မတို့ကပြောပါတယ်၊ အမတို့ဖြေရှင်းလို့ နိုင်ခဲ့တယ်ဆိုရင် ကျွန်မတို့ဖယ်ပေးမယ် ပြောင်းရွှေ့စရိတ်လေးတော့ ပေးပါလို့ပြောထားတာ၊ သူတို့ကလဲပေးမယ်လို့ ပြောပါတယ်၊ ဒီနေ့တော့ အခုလိုလူမိုက်တွေနဲ့ အတင်းလာဖျက်တာပဲ၊ ကျွန်မကြောက်လို့ သူတို့ကို ဦးချပြီးတော့ကို တောင်းပန်တယ် ” ဟု အငြင်းပွားမြေထဲနေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိအငြင်းပွားမြေဟာ အရင်က ရွှေဇလုပ်ရပ်ကွက်ပိုင် ဘောလုံကွင်းမြေဖြစ်ပြီး အခုလိုအကွက်ရိုက်ရောင်းချထားတွေကို သိရှိထားခြင်းမရှိဘူးလို့လဲ ရပ်ကွက်အုပ်ချုပ်ရေးမှုးက ဆိုပါတယ်၊ လက်ရှိဂရံပိုင်ဆိုင်မှု အထောက်အထားများအရ (၂၀၁၁) ခုနှစ်မှာ ဗိုလ်မှုးစိုးဦး ဆိုသူက ရောင်းချထားပြီးဖြစ်ပြီး စည်းရိုးခတ်တဲ့နေရာမှာ စည်ပင်ခွင့်ပြုမိန့်ပါမှ စည်းရိုးခတ်ဖို့ မြို့နယ်အုပ်ချုပ်ရေးမှုးကမှာ ကြားထားတာတွေရှိနေပြီး ဒီကနေ့မှာ အခုလိုပဋိပက္ခတွေဖြစ်ပေါ်ခဲ့တာ ဖြစ်တယ်လို့လဲ
ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောသည်။

အခုလိုရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုမှာ မုံရွာမြို့နယ်/ခရိုင်ရဲတပ်ဖွဲ့၀င်တွေ လာရောက်ထိန်းသိမ်းခဲ့ကာ လူ(၅) ဦးထိခိုက်ဒဏ်ရရှိခဲ့ပြီး အမျိုးသား(၂) ဦးသေဆုံးခဲ့ပါတယ်၊ ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ ရာဇ၀တ်မှုဖြစ်တာကြောင့် ရဲတပ်ဖွဲ့ကစစ်ဆေးဆောင်ရွက်မှုတွေပြုလုပ်နေပြီး မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာနအနေနဲ့ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက်ပြီး ကွင်းဆက်ဖော်ထုတ်ပေးမှုတွေ ဆောင်ရွက်ပေးနေတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးခင်မောင်စိုးကပြောသည်။

” အခုက ရာဇ၀တ်မှုဆိုတော့ ရဲတပ်ဖွဲ့ကဆောင်ရွက်သွားမှာပါ၊ ကျွန်တော်တို့အုပ်ချုပ်ရေးဌာနကတော့ ရဲတပ်ဖွဲ့နဲ့ပူးပေါင်း ဆောင်ရွက်ပြီး ကွင်းဆက်တွေဖော်ထုတ်ပေးဖို့ပဲ ရှိပါတယ် ” လို့ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးခင်မောင်စိုးက ပြောပါတယ်၊ ဒီပကဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့ရဲ့လုပ်ဆောင်ချက်တွေရဲ့ အတည်ပြုချက်တွေ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။

ညနေပိုင်းမှာတော့ အခင်းဖြစ်ပွားရာနေရာကို စစ်ကိုင်းတိုင်း၀န်ကြီးချုပ်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာတာ၀န်ရှိသူတွေ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ၀န်ကြီးချုပ်က မင်းမဲ့စရိုက်ဆန်ဆန်လုပ်ရပ်တွေကို လက်မခံကြောင်း၊ ရပ်ကျေးအုပ်ချုပ်ရေးမှုးတွေ တာ၀န်ရှိသူတွေအနေနဲ့လည်း အဖြစ်မှန်အတိုင်း ဆောင်ရွက်ကြဖို့ ရဲတပ်ဖွဲ့အနေနဲ့လည်း လုံခြုံရေးတွေချထားပေးဖို့ မှာကြားခဲ့တယ်လို့ သိရပါတယ်။

ထွန်းလင်းစိုး