သမီးအရင်းကို ဖခင်ဖြစ်သူက အလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်ခဲ့ခြင်းကြောင့် အစ်မဖြစ်သူမှ အမှုဖွင့်

ရေကြည်၊ ဒီဇင်ဘာ ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ကြာခံကျေးရွာအုပ်စု၊ ကွမ်းခြံကုန်းကြီးကျေးရွာတွင် အတူနေ ဖခင်အရင်းမှ သမီးအရင်းဖြစ်သူကို အလိုမတူဘဲ ကြက်သွန်လှီးဓားဖြင့် ခြိမ်းခြောက်၍ အတင်းအဓမ္မ  သားမယားအဖြစ်အကြိမ်ကြိမ်ပြုကျင့်ခဲ့ခြင်းကြောင့် အစ်မဖြစ်သူမှ တိုင်ကြားအမှုဖွင့်လိုက်ကြောင်း ရေကြည်မြို့မရဲ စခန်းမှသိရသည်။

”ဟုတ်ပါတယ် အဖေအရင်းဖြစ်ပါတယ်။ ကောင်မလေး ကတော့အသက်တော့ ပြည့်ပါပြီ။ ကောင်မလေးက ယောက်ျားနဲ့ကွဲနေတာ ဖြစ်ပါတယ်။ အမေကတော့ရှိတယ်။ ဒါပေမယ့် အမေကရန်ကုန်မှာ အလုပ်လုပ်နေတာ ဖြစ်ပါတယ်။ အဲ့တော့ အိမ်မှာက သူ့အဖေရယ်၊ ကောင်မလေးရယ်၊ ကောင်မလေးကနေ မွေးထားတဲ့ ၂နှစ်ကျော်  ကလေးလေးရယ် သုံးယောက်အတူနေကြတာဖြစ်ပါတယ်။ နေရင်းနဲ့ ဖခင်ဖြစ်သူကနေ ပြုကျင့်တာဖြစ်ပါတယ်။ ကောင်မလေးက သူများတွေကိုပြောရင် သတ်ပစ်မယ်ဆိုလို့ မပြောတာလို့ပြောပါတယ်။ ဒီကနေ့တော့ အမှုလာဖွင့်သွားပါတယ်။” ဟု ရေကြည်မြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးဌေးခိုင်က ပြောသည်။

ရေကြည်မြို့နယ်၊ ကွမ်းခြံကုန်းကြီးကျေးရွာတွင် ဖခင်ဖြစ်သူ ကျော်မြင့်သည် ကြက်သွန်လှီးဓားပြ၍ ခြိမ်းခြောက်ပြောဆိုပြီး သားမယားအဖြစ် အလိုမတူဘဲ ၁၅ ကြိမ်ခန့် ပြုကျင့်ခဲ့သဖြင့် ညီမဖြစ်သူမှ ပြောပြခဲ့သောကြောင့် အစ်မဖြစ်သူမှ ဥပဒေကြောင်းအရ အရေးယူပေးပါရန် ရေကြည်မြို့မ ရဲစခန်းသို့ ဒီဇင်ဘာ ၃၀ ရက်နေ့ကလာရောက်တိုင်ကြား အမှုဖွင့်ခဲ့ကြောင်း သိရသည်။

”ဖခင်ဖြစ်သူက ခြိမ်းခြောက်တယ်၊ ပြောရင်ဘာလုပ်ပစ်မယ်၊ ညာလုပ်ပစ်မယ်၊ နောက်ကြက်သွန်လှီးဓားနဲ့ပြတယ်။ အဖေလည်းအဖေ၊ ကြောက်လဲကြောက်ရတော့၊ မပြောပြခဲ့ဘူး၊ အုတ်ဖိုလုပ်ငန်းမှာ အုတ်ဖိုမှာသွားပြီး အလုပ်လုပ်ကြရင်းထပ်ခါ ထပ်ခါ ဖြစ်ပါတယ်။ ကောင်မလေးက  နောက်ဆုံး မခံနိုင်တဲ့ အခါကျတော့ အဲ့ဒီရွာမှာသူ့အစ်မကြီးရှိတယ် ၊ အစ်မရေငါတော့ ဒီလိုဖြစ်နေပြီ၊ ငါ့ကိုကူညီပေးပါဦးဆိုပြီး သွားပြောပါတယ်။ သူ့အစ်မက တစ်ခါတည်းအုပ်ချုပ်ရေးမှူးဆီသွား တိုင်တယ်၊ အုပ်ချုပ်ရေးမှူးက ကောင်မလေးကိုခေါ်ပြီး ရေကြည်မြို့နယ်၊ မြို့မရဲစခန်းမှာ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမှုလာဖွင့်တာဖြစ်ပါတယ်။” ဟု ရေကြည်မြို့မ ရဲစခန်းမှ စခန်းမှူး  ဒုရဲမှူး  ဌေးခိုင်က ဆက်ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ရေကြည်မြို့မရဲစခန်းမှ (ပ) ၃၉၂/၂၀၂၀၊ အမှုကြီး အမှတ်စဉ် ၆/၂၀၂၀ ၊ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆  ဖြင့်အမှုဖွင့်လှစ်၍ စစ်ဆေးဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။

ကျော်ဌေး