Quarantine ဝင်နေသူ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးကို အသက် ၂၀ အရွယ်အမျိုးသားက အဓမ္မပြုကျင့်

မအူပင်၊ ဒီဇင်ဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ငါးကြီးဂရက်ကျေးရွာရှိ Quarantine စင်တာတွင်အသွားအလာကန့်သတ်ထားသည့် အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်ကို အသက် ၂၀ အရွယ်အမျိုးသားမှ ဒီဇင်ဘာ ၂၇ ရက်က အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်း မအူပင်မြို့မရဲစခန်းမှ သိရသည်။

မအူပင်မြို့နယ်၊ စွန်သိုက်ကျေးရွာအုပ်စု၊ ငါးကြီးဂရက်ကျေးရွာရှိ ရွှေပြည်အေးဘုရားကြီးကျောင်း Quarantine စင်တာအောက်ထပ်တွင် ရန်ကုန်တိုင်ဒေသကြီး၊ ဒလမြို့နယ်၊ ရှမ်းကန်ကျေးရွာမှ ပြန်လာ၍ Quarantine ဝင်နေသည့် အသက် ၁၅ နှစ်အရွယ် မ_________ သည် Quarantine ဝင်နေသောအမျိုးသမီး ၃ ဦးနှင့် တစ်ခြင်ထောင်စီ အိပ်နေချိန် တံခါးခေါက်သံကြား၍ တံခါးအားဖွင့်ကြည့်ခဲ့ကြောင်း သိရသည်။

ထိုသို့ တံခါးအားဖွင့်ကြည့်ခဲ့ရာ ရွှေပြည်အေးဘုရားကြီးကျောင်းအပေါ်ထပ်တွင် Quarantine ဝင်နေသည့် ငါးကြီးဂရက်ကျေးရွာအုပ်စုနေ အသက် (၂၀)နှစ်အရွယ် ကျား ဖြစ်ပြီး ၎င်းမှ အသက် ၁၅ နှစ် အရွယ် မ_________၏ ပါးစပ်အားပိတ်ပြီး ခြင်ထောင်ထဲဆွဲခေါ်သွားပြီး ပါးနမ်းခြင်း၊ ရင်သားကိုင်ခြင်း၊ ထဘီအားဆွဲလှန်ပြီး သားမယားအဖြစ် ၁ ကြိမ်ပြုကျင့်ခဲ့ပြီး ပြန်ထွက်သွားခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

“ငါးကြီးဂရက်ကျေးရွာရှိ ရွှေပြည်အေးဘုရားကြီးကျောင်းမှာဘဲ Quarantine ဝင်နေတယ် အမျိုးသားက ကျူးလွန်တယ်လို့ ပြောပါတယ်။ ကောင်မလေးက ဒလမြို့နယ်ကနေပြန်လာပြီး မအူပင်မြို့ကို အလည်လာရောက်တာ ဖြစ်ပါတယ်။
တစ်ကြိမ်ပြုကျင့်ခံရတယ်လို့ ပြောပါတယ်။ လက်ရှိ ပြစ်မှုကျူးလွန်သူလို့ ဆိုသူကို အမှုဖွင့်ထားပါတယ်။” ဟု မအူပင်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

အဆိုပါ ကိစ္စကို မိသားစုများမှ နောက်ကျသိရှိ၍ မအူပင်မြို့မရဲစခန်းတွင် လာရောက်တိုင်ကြားမှု နောက်ကျနေခြင်းဖြစ်ပြီး လက်ရှိကာလသည် Covid-19 ရောဂါ ဖြစ်ပွားနေသည့် အချိန်ဖြစ်၍ Quarantine ဝင်နေရသည့် အမျိုးသမီးများအတွက် လုံခြုံမှုများအရေးကြီး လာကြောင်း ဒေသခံများက ဆိုသည်။

“အဖော်မပါသော အမျိုးသမီးငယ်များလုံခြုံရေးအတွက် အရေးကြီးလာပါတယ်။ Quarantine စင်တာကတာဝန်ရှိသူတွေကနေ လုံခြုံရေးအတွက် ကြပ်ကြပ်မတ်မတ်လုပ်ပေးဖို့လိုပါတယ်။ ဒါက မဖြစ်သင့်သော ကိစ္စဖြစ်ပါတယ်။ ဒုက္ခရောက် နေကျချင်း တူတူကို စော်ကားတာ ဖြစ်ပါတယ် ထိထိရောက်ရောက် စစ်ဆေးအရေးယူသင့်ပါတယ်။” ဟု စွန်သိုက်ကျေးရွာအုပ်စုမှ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မိသားစုများ၏ တိုင်ကြားချက်အရ မိဘအုပ်ထိန်းမှုအောက်ရှိ အသက်မပြည့်သေးသည့် အမျိုးသမီးငယ်အား အလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်ခဲ့သည့် အသက် ၂၀ အရွယ် အမျိုးသားကို မအူပင်မြို့မရဲစခန်းမှ (ပ)၉၅၅/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ကျော်ဌေး